ရှမ်းပြည်နယ် နမ္မတူမြို့နယ်တွင် ယခုလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၆၀၀ ကျော် နေရပ်မပြန်နိုင်ဘဲ စားနပ်ရိက္ခာ ၁၀ ရက်ခန့်သာ ရှိသဖြင့် အကူအညီများ လိုအပ်

ရှမ်းပြည်နယ် နမ္မတူမြို့နယ်တွင် ယခုလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၆၀၀ ကျော် နေရပ်မပြန်နိုင်ဘဲ စားနပ်ရိက္ခာ ၁၀ ရက်ခန့်သာ ရှိသဖြင့် အကူအညီများ လိုအပ်
Published 18 May 2018

နမ္မတူမြို့နယ်တွင် တိုက်ပွဲများကြောင့် တိမ်းရှောင်နေသည့် ပြည်သူများအား မေ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုမျိုး/သီပေါ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်တွင် ယခုလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်  ၆၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ ၁၀ ရက်ခန့်သာ ရှိသဖြင့် အကူအညီများ လိုအပ်နေကြောင်း တိုက်ပွဲ ဖြစ်ပွားရာဒေသ အနီးရှိ မန်းရင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက မေ ၁၇ ရက်တွင် ပြောကြားသည်။

နမ္မတူမြို့နယ် မန်းရင်ဒေသရှိ မန်ဆာအွမ်ကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ မေ ၄ ရက်နှင့် ၅ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)တို့ ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့်အပြင် မေ ၁၀ ရက်နှင့် မေ ၁၆ ရက်တွင် တပ်မတော်နှင့်  TNLA တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါပဋိပက္ခများကြောင့် အရပ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ဦးထွန်းလင်းက ပြောကြားသည်။

“စစ်ဘေးရှောင်တွေကတော့ မပြန်နိုင်သေးဘူး။ အရင်တော့ ၅၆၃ ယောက်ရှိတာပေါ့။ မနေ့က ၆၉ ယောက် ထပ်တိုးလာတယ်”  ဟု ဦးထွန်းလင်းက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ကျေးရွာများဖြစ်သော လလုံ၊ နားဆန်း၊ နားပိန်း၊ မန်ဆာအွမ် ၊ မန်ဆာလုံ၊ ကုန်းမုံ၊ မန်အိုင်နှင့် နားလင်းတို့မှ ဒေသခံစစ်ဘေးရှောင် ပြည်သူများသည် မန်းရင်ကျေးရွာ ဘုန်းကြီးကျောင်း၊ ဝိန်းနန်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပန်ခမ်း ကျေးရွာဘုန်းကြီးကျောင်းတို့တွင် လာရောက် တိမ်းရှောင်နေကြပြီး တိုက်ပွဲများကြောင့် လာရောက် တည်းခိုနေသည့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော် ရှိနေပြီဖြစ်ကာ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာမှာလည်း ၁၀  ရက်စာ အတွက်သာ ကျန်ရှိတော့ကြောင်း  မန်းရင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက ပြောကြားသည်။

ထို့အတူ တိုက်ပွဲဖြစ်ပွားရာဒေသသည် တပ်မတော်၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ အဖွဲ့စုံရှိပြီး ရှုပ်ထွေးသည့်နေရာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် TNLA သည် ရှမ်းလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် SSPP နှင့်လည်း ကောင်း၊ RCSS နှင့်လည်းကောင်း တိုက်ပွဲမဖြစ်ပွားသော်လည်း တပ်မတော်နှင့် စစ်ရေးတင်းမှုများဖြစ်ပွားနေကြောင်း TNLA သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက် ကျော်က ပြောကြားသည်။

“တပ်မတော်နဲ့ကတော့ မေ ၁ ရက်က နေပြီး မနေ့ကအထိ နေ့တိုင်းလိုလိုဖြစ်တယ်။ တိုက်ပွဲကတော့ ၁၁ ကြိမ်၊ ၁၂ နှစ်ကြိမ် လောက်ရှိတယ်။ ကွတ်ခိုင်ဘက်မှာလည်း ဖြစ်တယ်။ နမ္မတူဘက်လည်း ဖြစ်တယ်။ မူဆယ်မြို့နယ်ဘက်မှာလည်း ဖြစ်တယ်” ဟု  ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တအန်းလက်နက်ကိုင်အဖွဲ့ TNLA အဖွဲ့က ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား အမျိုးသား ၁၃ ဦး၊ အမျိုသမီးနှစ်ဦး၊ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ်သုံးဦး စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး အရပ်သား အမျိုးသား ၁၇ ဦး၊ အမျိုးသမီးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ်ခြောက်ဦး စုစုပေါင်း ၂၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မေ ၁၂ ရက်က သတင်းထုတ်ပြန်ခဲ့ရာတွင် TNLA အဖွဲ့သာမက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လည်း ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။

မူဆယ်မြို့သို့ ဝင်ရောက်တိုက်ခိုက်ခြင်းသည် တောတွင်း၌ တပ်မတော်မှ အင်အား အဆမတန် ဖြည့်တင်းလာခြင်းနှင့် မဟာမိတ် KIA နှင့် တိုက်ပွဲပြင်းထန်မှုကြောင့် အသေးစား စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်ကြောင်း TNLA က ကနဦးထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် TNLA က ရှင်းလင်းချက်ထုတ်ပြန်ရာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း အပါအဝင် အခြားလုပ်ငန်းများဆောင်ရွက်နေသည့် ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံအား ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။