ဖားကန့်ဒေသ၌ ကုမ္ပဏီမီးရှို့မှုဖြစ်စဉ်တွင် စုစုပေါင်း ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ယာဉ်ယန္တရားများ၊ အဆောက်အအုံများ ဆုံးရှုံးခဲ့ပြီး ကျောက်စိမ်းရိုင်းနှစ်တန်ခန့် လုယက်ခံခဲ့ရကြောင်း သိရ

ဖားကန့်ဒေသ၌ ကုမ္ပဏီမီးရှို့မှုဖြစ်စဉ်တွင် စုစုပေါင်း ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ယာဉ်ယန္တရားများ၊ အဆောက်အအုံများ ဆုံးရှုံးခဲ့ပြီး ကျောက်စိမ်းရိုင်းနှစ်တန်ခန့် လုယက်ခံခဲ့ရကြောင်း သိရ
Published 15 May 2018

မီးရှို့ခံခဲ့ရသော အဆောက်အအုံအချို့နှင့် ယာဉ်ယန္တရားများကို တွေ့ရစဉ်(ဓာတ်ပုံ-ကိုဝင်းမောင်)

ဖားကန့်ဒေသ၌ ကုမ္ပဏီမီးရှို့မှု ဖြစ်စဉ်တွင် စုစုပေါင်း ကျပ်သိန်းတစ်ထောင်ကျော် ကာလတန်ဖိုးရှိသည့် ယာဉ်ယန္တရားများ၊ အဆောက်အအုံများ ဆုံးရှုံးခဲ့ပြီး ကျောက်စိမ်းရိုင်း နှစ်တန်ခန့် လုယက်ခံခဲ့ရကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထို့အတူ ကုမ္ပဏီလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ၏ ခြောက်လှန့်ပစ်ခတ်မှုကြောင့် (အမည်စိစစ်ဆဲ) လူတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးမှာ ကျည်ဆန်ဒဏ်ရာများ ရရှိကာ အတွင်းလူနာအဖြစ် လုံးခင်းတိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု  ဆန်ခါကျေးရွာအနီးတွင် ရတနာရွှေအိတ်အမည်ဖြင့် လုပ်ကိုင်နေသည့် နိုင်ငံတော်နှင့် အကျိုးတူကျောက်မျက်ကုမ္ပဏီအတွင်း မီးလောင်မှုကြောင့် ၅၀x၅၀ ပေ နှစ်ထပ်သွပ်မိုး အဆောင်လေးလုံး၊ ၂၀x၂၀ ပေ တစ်ထပ် သွပ်မိုးသွပ်ကာ အဆောင်တစ်လုံး၊ မြေသယ်ယာဉ် ၁၀ ဘီးအသေး နှစ်စီး၊ ခေါင်းတစ်ခြမ်း မြေသယ်ယာဉ် အကြီးလေးစီး၊ ရေစုပ်စက် အကြီးသုံးလုံး၊ အုပ်ချုပ်မှုယာဉ်(နီဆန်း) နှစ်စီး၊ သုံးဘီးဆိုင်ကယ်နှစ်စီး၊ ဂရေတာ (မြေညှိယာဉ်) တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ဖျက်ဆီးခံရမှုကြောင့် ၁၂ ဘီး ဆီဘောက်ဆာယာဉ် တစ်စီး၊ ၅၀x၅၀ ပေ သွပ်မိုးသွပ်ကာ တစ်ထပ်ဆောင် ငါးလုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျောက်ဂိုဒေါင်အတွင်းမှ RJ အမျိုးအစား  ကျောက်စိမ်းရိုင်း နှစ်တန်ခန့် လုယက်ခံခဲ့ရကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မီးလောင်မှုနှင့် ဖျက်ဆီးခံရမှုကြောင့် အဆောက်အအုံများ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်  ၂၃၄သိန်း၊ စက်ပစ္စည်းများတန်ဖိုးမှာ ကျပ် ၉၀၉ သိန်း စုစုပေါင်း ကျပ် ၁၁၄၃ သိန်းဖြစ် ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ တွက် ချက်ထားပြီး လုယက်ခံရသည့် ကျောက်စိမ်း ရိုင်း နှစ်တန်ခန့်နှင့် အခြားပစ္စည်းများ၏  အသေးစိတ်တန်ဖိုးအား တွက်ချက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ မေ ၁၃ ရက်က (မဟာ အစ ပထမ ကုမ္ပဏီနှင့် တောက်ပကြယ် ကုမ္ပဏီတို့ ရှယ်ယာလုပ်ကိုင်နေသည် ဟု သိရသော) ရတနာရွှေအိတ် ကျောက်မျက်ကုမ္ပဏီတွင် ဝန်ထမ်းများအား အလုပ်ချိန် စောခိုင်းရာမှစ၍ အချေအတင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ထို့နောက်တွင် ဝန်ထမ်းများက လုပ်ခလစာနှင့် အချိန်ပိုကြေး ပိုမိုတောင်းဆိုမှုများရှိလာရာ ကုမ္ပဏီတာဝန်ရှိသူများ နှင့် ပြေလည်မှုမရရှိဘဲ ည ၇ နာရီခွဲခန့်တွင် မူးယစ်သောက်စားထားသည့် ဝန်ထမ်းအချို့ က ကုမ္ပဏီ အဆောက်အအုံအား မီးရှို့ခြင်း၊ ခဲဖြင့်ထုခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အခင်းဖြစ်ပွားနေစဉ်တွင် ကုမ္ပ ဏီအနီးရှိ ဆန်ခါကျေးရွာနှင့် မှော်ပုံကျေး ရွာတို့မှ ရေမဆေးကျောက် ရှာဖွေသူများ ရောက်ရှိလာပြီး အဆိုပါကုမ္ပဏီအတွင်းရှိ ကျောက်ဂိုဒေါင်အား ဖောက်၍ ကျောက်သယ်ယူခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ (အမည်စိစစ်ဆဲ) လူတစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ကျည်ဆန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ကုမ္ပဏီမီးရှို့မှုဖြစ်စဉ်မှ တရားခံ ၅၂ ဦးအား လုံးခင်းနယ်မြေရဲစခန်းမှ (ပ)၇၁/၂၀၁၈၊ အမှုကြီးအမှတ်စဉ် (၆/ ၂၀၁၈)၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/ ၄၃၆/၄၂၇/ ၃၃၆/ ၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ၄၉ ဦးမှာ ကုမ္ပဏီ ဝန်ထမ်းများဖြစ်ကာ ၎င်းတို့အား လုံးခင်းရဲစခန်းတွင်  ဖမ်းဆီးထားကြောင်း၊ ကျန်သုံးဦးမှာ ပြင်ပမှ ကုမ္ပဏီတွင်း ဝင်ရောက်သည့် ရေမဆေးသမားများဖြစ်ပြီး ၎င်းတို့မှာ ရရှိထားသည့် ကျည်ဆန်ဒဏ်ရာများကြောင့်  လုံးခင်းတိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။