လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ရှေးဟောင်းဝါဆိုဘုန်းကြီးကျောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုခဲ့ကြောင်းသိရ

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ရှေးဟောင်းဝါဆိုဘုန်းကြီးကျောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုခဲ့ကြောင်းသိရ
Published 10 May 2018

ယနေ့ (မေလ ၁၀ ရက်) နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ရှေးဟောင်းဝါဆို သစ်သားဘုန်းကြီးကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျောင်းထိုင်ဆရာတော်မှာ အဆိုပါမီးလောင်ကျွမ်းမှုတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် ပျံလွန်တော်မှုခဲ့သည့် သက်တော် ၈၆ ၊ ဝါတော် ၆၇ နှစ်ရှိ ပြည်နယ်သံဃာမဟာနာယက ဥက္ကဋ္ဌဟောင်းဖြစ်သူ ကျောင်းထိုင်ဆရာတော် ဥူးပညိန္ဒာသိရီမှာ လေဖြတ်ဝေဒနာ ခံစားနေရပြီး ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်ကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော်၏ ရုပ်ကလာပ်အား ၎င်းအိပ်ရာအခန်းတွင်းမှ ရှာဖွေတွေ့ရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးနေကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော သစ်သားကျောင်းဆောင်ထဲတွင် ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယဦးဝင်းမြင့်သိန်းတို့သာ အိပ်ကြပြီး ကျောင်းတွင်းတွင် ကျောင်းထိုင်ဆရာတော် အပါအဝင် ဘုန်းတော်ကြီး နှစ်ပါးသာရှိပြီး ကိုယ်ရင်ငယ်လေးများသာ နေထိုင်သောကျောင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား နံနက် ၁ နာရီ မိနစ် ၄၀ ခန့်တွင် မီးထိန်းနိုခဲ့ပြီး ဘုရားမီးပူဇော်ရာမှတဆင့် မီးလောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ ကနဦးသတင်းများအရ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့မှ တာဝန်ကျ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ကား ၁၁ စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ကြပြီး ပရဟိတအသင်းများမှလည်း လာရောက်ကူညီကြကြောင်း သိရသည်။