လုပ်ငန်းအပြီးမသတ်မီပြိုကျခဲ့သည့် ဆန်းချီချောင်းရေထိန်းကျောက်စီ နံရံကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများ လွှတ်တော်၌လာရောက်ရှင်းလင်း

လုပ်ငန်းအပြီးမသတ်မီပြိုကျခဲ့သည့် ဆန်းချီချောင်းရေထိန်းကျောက်စီ နံရံကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများ လွှတ်တော်၌လာရောက်ရှင်းလင်း
Published 3 May 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့  တွင်ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က လုပ်ငန်းအပြီး မသတ်မီ ပြိုကျမှုဖြစ်ပွားခဲ့သည့် ဆန်းချီချောင်းရေ ထိန်းကျောက်စီနံရံကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသည့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မေ ၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၌ လာရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဘတ်ဂျက်ငွေ ကျပ် ၃၉၄ သန်း (၃၉၄၀ သိန်း)ဖြင့် တည်ဆောက်နေသည့် အရှည် ၇၆၀၀ ပေ (တစ် ဖက်လျှင် ပေ ၃၈၀၀ စီ) နှင့် အမြင့် ခုနစ်ပေရှိ ဆန်းချီချောင်းကျောက်စီနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ပြီးခဲ့သည့်နှစ် ဇူလိုင်က စတင်တည်ဆောက်ခဲ့ပြီး အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေဆဲ အခြေအနေတွင် ချောင်း၏အောက်ဘက်၌ ကျောက်စီနံရံပေ ၁၀၀ ခန့်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ပွားခဲ့ပြီးနောက် ရေထိန်းကျောက်စီ နံရံတည်ဆောက်နေမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား တိုင်းဒေသကြီးလွှတ်တော်မှ ခေါ်ယူမေးမြန်းခဲ့ပြီး ၎င်းလုပ်ငန်းအခြေအနေများအား ပြည်သူများထံသို့ ချပြပေးရန် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သောကြောင့် ထားဝယ်ဒေသရှိ ဒေသခံ CSOs များနှင့် မီဒီယာများကို တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမသို့ ဖိတ်ကြားကာ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ထပ်မံရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထားဝယ်မြစ်နှင့်ဆန်းချီ ချောင်းဝဆုံရာနှင့် ကမ်းနားလမ်းမပေါ်ရှိ တံတားအကြားတွင် တစ်ဖက်လျှင် ပေ ၄၀၀ အရှည်ရှိကျောက်စီ နံရံပေ ၈၀၀ ရှိပြီး ယင်းနေရာ၌ ကျောက်စီနံရံပေ ၁၀၀ ပြိုကျသွားခဲ့ပြီးနောက် ပေ ၈၀၀ စလုံးအားပြန်လည် တည်ဆောက်ရန်စည်ပင် သာယာရေးအဖွဲ့ က ဒီဇိုင်းသုံးမျိုးပြန်လည် ရေးဆွဲခဲ့ကြောင်း၊ သို့သော် ကျောက်စီနံရံပြိုကျမှုဖြစ်ပွားပြီးနောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဖွဲ့စည်းပေးထားသည့် ဆန်းချီချောင်း မြေထိန်းနံရံကြီးကြပ်စစ်ဆေးရေးအဖွဲ့က ၎င်းပေ ၈၀၀ နေရာတွင် အသစ်ရေးဆွဲထားသည့် ဒီဇိုင်းသုံးမျိုးဖြင့်ပြုလုပ်ပါက တစ်ချိန်ချိန်တွင် ပြန်လည်ပြိုကျနိုင်သဖြင့် ဘိုးပိုင်တိုင်များဖြင့် မဆောင်ရွက်နိုင်ပါကမလုပ်သင့်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြိုကျမှုဖြစ်ခဲ့သည့် ကမ်းနားလမ်းတံတားမှထားဝယ် မြစ်ဝအထိ ပေ ၈၀၀ ကိုထပ်မံပြုပြင် တည်ဆောက်ခြင်းမပြုတော့ဘဲ လက်ရှိ ရှိနေသေးသော အပိုင်းများကို ဖြိုချပစ်မည်ဖြစ်ပြီး ကျောက်စီနံရံပေ ၈၀၀ ပြန်လည်တည်ဆောက်မှုအတွက် ကုန်ကျမည့်ငွေများ(ခန့်မှန်းသိန်း ၆၀၀ ခန့်) ကိုအသုံးပြုကာ တံတားအပေါ်ဘက်ရှိ ကျောက်စီနံရံ ပေ ၆၈၀၀ ကို ပိုမိုစိတ်ချနိုင်စေရန် RC ထောက်တိုင်များ၊ မြေကာနံရံ (ပေ ၁၅၀၀ ခန့်)ဖြင့် ထပ်မံပြုပြင်သွားမည်ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးလှမျိုးက ပြောကြားသည်။