၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာရှစ်ဘီလျံကျော် ရှိသော်လည်း နယ်စပ်စခန်းငါးခုမှ ကုန်သွယ်မှုပမာဏ လျော့ကျခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာရှစ်ဘီလျံကျော် ရှိသော်လည်း နယ်စပ်စခန်းငါးခုမှ ကုန်သွယ်မှုပမာဏ လျော့ကျခဲ့
Published 19 April 2018

ထိုင်းနှင့်ကုန်သွယ်မှု ဆောင်ရွက်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်အား တွေ့ရစဉ်(ဓာတ်ပုံ- ကိုရွှေသိန်း)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ရှစ်ဘီလျံကျော် ရှိသော်လည် ချင်းရွှေဟော်၊ ကျိုင်းတုံ၊ မြဝတီ၊ တာချီလိတ်၊ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ လျော့ကျခဲ့ကြောင်း သိရသည်။

အဆိုပါ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၈၄၆၃ ဒသမ ၉၆၃ သန်းရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၆၈၆ ဒသမ ၉၅၆ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ နယ်စပ်ကုန်သွယ်မှု ပမာဏ ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုခဲ့သော်လည်း မြဝတီအပါအဝင် ကုန်သွယ်ရေးစခန်းငါးခုမှ ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ထက် လျော့ကျခဲ့ကြောင်း သိရသည်။

မြဝတီနယ်စပ်စခန်းမှ ကုန်သွယ်မှု ပမာဏမှာ ယခင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၂၅ သန်းကျော်၊ ချင်းရွှေဟော်မှ ဒေါ်လာ တစ်သန်းကျော်၊ ကျိုင်းတုံမှဒေါ်လာ နှစ်သန်းကျော်၊ တာချီလိတ်မှ ဒေါ်လာငါးသိန်းကျော်၊ တမူးစခန်းမှ ဒေါ်လာနှစ်သန်းကျော် ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက အသီးသီး လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၃၃၂၃ ဒသမ ၈၁၅ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၄၁၁၄ ဒသမ ၂၀၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကုန်အထိ ပြည်ပကုန်သွယ်မှု ပမာဏဒေါ်လာ ၃၃ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၄၈၅၉ ဒသမ ၈၅၂ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၄၆၃ ဒသမ ၉၆၃ သန်း ပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၄၂၇ ဒသမ ၂၅၃ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာမူ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၆၈၆ ဒသမ ၉၅၆ သန်း ပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန်အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်သည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ မယ်စဲ့စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ၁၆ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးတိုးချဲ့နိုင်ရန် အတွက် ကုန်သွယ်မှုအရ အချက်အခြာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအဉ်များရှိကြောင်း သိရသည်။

Most Read

Most Recent