<

မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် (၂၂) ဘီးတွဲကားယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ကားလမ်းပိတ်ဆို့မှုဖြစ်

ဂုတ်တွင်းလမ်းတွင် ဧပြီ ၈ ရက်က (၂၂) ဘီးတွဲကားယာဉ်တစ်စီး တမ်းမှောက်နေသည်အား တွေ့ရစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ဧပြီလ ၈ ရက်နေ့ နံနက် (၅)နာရီ အချိန်ခန့်က မူဆယ်ဘက်မှ မောင်းနှင်လာသော (၂၂) ဘီးတွဲကားယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မူဆယ်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း နေထက်လင်း (၂၆)နှစ် မောင်းနှင်လာသော အပ်ချုပ်စက်နှင့် စက္ကူလိပ်များ တင်ဆောင်လာသော 9J/5897 (၂၂)ဘီး တွဲကားယာဉ်သည် နောင်ပိန်နယ်မြေရဲစခန်းအပိုင် ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် (၈၄/၂) နှင့် (၈၄/၃) အကြား အဆင်းကွေ့ကြောတွင် လမ်းယာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဂုတ်တွင်းလမ်းပိုင်းပိတ်ဆို့နေမှုကြောင့် လမ်းပြန်ပွင့်ချိန်အား စောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ်ကြီးများအား နောင်ပိန်ဘက်အခြမ်း ပင်ပေါကျေးရွာအနီးတွင်တွေ့ရစဉ်

“ဂုတ်တွင်းလမ်းကတော့ မနက် ၅ နာရီလောက်ကစပြီး လမ်းပိတ်သွားပါတယ်။ အခုလက်ရှိကတော့ ကားကိုပြန်ထောင်ပြီးပါပြီ။ လမ်းဘေးကို မကပ်နိုင်သေးပါဘူး။ လမ်းဘေးမကပ်နိုင်သေးတဲ့အတွက် အိမ်စီးကားလေးတွေကိုတော့ လွှတ်ပေးနေပါတယ်။ ကုန်ကားတွေကိုတော့ လွှတ်မပေးနိုင်သေးပါဘူးခင်ဗျ။ ရာသီဥတုကတော့ မနက်ပိုင်းမှာတော့ မိုးတော်တော်ရွာပါတယ်။ အခုတော့ တိတ်သွားပါပြီ။ မိုးပြန်ရွာမယ့် အခြေအနေတော့ ရှိနေပါတယ်။” ဟု ကျောက်မဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကျော်ကျော်ထွန်းက ဧပြီလ ၈ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပြောကြားသည်။

အဆိုပါ ဂုတ်တွင်းလမ်းပိတ်ဆို့မှုကြောင့် နောင်ပိန်ဘက်အခြမ်းတွင် မိုးမြင့်သာစားသောက်ဆိုင်မှ ဂုတ်တွင်းလမ်းအထိ ယာဉ်များတန်းစီး စောင့်ဆိုင်းနေကြရပြီး နောင်ချိုဘက်အခြမ်းတွင်လည်း ကုန်တင်ယာဉ်ကြီးများစွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။

လားရှိုးမြို့တွင်လည်း မူဆယ်ဘက်မှလာသော ၆ ဘီးအထက် ကုန်တင်ယာဉ်များအား မြို့ရှောင်လမ်းရှိ တိုးဂိတ်တွင် နံနက် (၁၁)နာရီအချိန်ခန့်မှ စတင်ကာ ရပ်တန့်စောင့်ဆိုင်းစေပြီး အိမ်စီးကားနှင့် (၆)ဘီးကားများသာ ဖြတ်သန်းခွင့်ပေးထားကြောင်း သိရသည်။

ဂုတ်တွင်းလမ်းပိတ်ဆို့နေမှုကြောင့် လားရှိုးမြို့ရှောင်လမ်းတိုးဂိတ်အနီး စောင့်ဆိုင်းနေရသည့် ကုန်တင်ယာဉ်များအား တွေ့ရစဉ်

မိုးများရွာသွန်းမှုကြောင့် ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ မြို့ရှောင်လမ်းတွင် မူဆယ်ဘက်မှလာသော ၂၂ ဘီးတွဲကားယာဉ်တစ်စီး လမ်းချော်ကာ လမ်းဘေးထိုးကျခဲ့သဖြင့် တွဲကားတစ်စီးဖြင့် လမ်းပေါ်ဆွဲတင်ခဲ့ရကြောင်း သိရသည်။

ဂုတ်တွင်းလမ်းပိုင်းအခြေအနေမှာ ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၃၀ မိနစ် အချိန်ထိ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

April 8, 2018














Copy Protected by Chetan's WP-Copyprotect.