သြင်္ကန်ကာလအတွင်း အဝေးပြေးခရီးစဉ် ယာဉ်လိုင်း ၂၅ လိုင်းမှ ပိတ်ရက်မရှိ ပြေးဆွဲမည်ဖြစ်ကြောင်း YRTA ထုတ်ပြန်

သြင်္ကန်ကာလအတွင်း အဝေးပြေးခရီးစဉ် ယာဉ်လိုင်း ၂၅ လိုင်းမှ ပိတ်ရက်မရှိ ပြေးဆွဲမည်ဖြစ်ကြောင်း YRTA ထုတ်ပြန်
Published 6 April 2018

သြင်္ကန်ကာလအတွင်း အဝေးပြေးခရီးစဉ် ယာဉ်လိုင်း ၂၅ လိုင်းမှ ပိတ်ရက်မရှိ ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တော်နေ ပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့စီမံမှုဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲနေသော YBS ယာဉ်လိုင်း ၆၁ လိုင်း၊ ယာဉ်စီးရေ ၇၆၉ စီးဖြင့် ပုံမှန်ပြေးဆွဲလမ်းကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်းထားဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ ပြေးဆွဲမည့် အဝေးပြေးခရီးသည်ယာဉ်လိုင်းများသည် ဧပြီ ၈ ရက်အထိ ပုံမှန်ပြေးဆွဲပြီး ဧပြီ ၉ ရက်မှ ၁၆ ရက်အထိ အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းများမှ ထွက်ရှိသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် အလှည့်ကျရပ်နားခြင်း၊ ပြေးဆွဲခြင်းများ ပြုလုပ်ပြီး အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းမှ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း ၁၀ လိုင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအခြေပြုယာဉ်လိုင်း ရှစ်လိုင်း၊ ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းမှ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်းလေးလိုင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ အခြေပြုယာဉ်လိုင်း သုံးလိုင်းတို့ကို ပိတ်ရက်မရှိ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ သွားရောက်မည့် ခရီးသွားများအတွက် ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ ရန်ကုန်-ပုသိမ်ခရီးစဉ်တို့အား ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှလည်းကောင်း၊ ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ လက်ပံတန်း-မင်းလှခရီးစဉ်နှင့် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ရန်ကုန်-ပဲခူး-ညောင်လေးပင်-တောင်ငူ-နေပြည်တော်ခရီးစဉ်များကို အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းမှလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ စီမံမှုအောက်ရှိ ယာဉ်လိုင်းများမှ ခရီးသည်ယာဉ်များဖြင့် အားဖြည့်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင် ပြေးဆွဲေနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ အဝေးပြေးခရီးသည်ယာဉ်လိုင်းအားလုံးသည် ဧပြီ ၁၇ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ ထုတ်ပြန်သည်။