ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေခြင်းကို လက်လှမ်းမီစေရန် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့တွင် ဇီဝလုံခြုံမှုအဆင့် (၃) ရှိ တီဘီဓာတ်ခွဲခန်းများဖြင့် ဆောင်ရွက်နေပြီး ယခုနှစ်တွင် မော်လမြိုင်မြို့၌ တိုးချဲ့ဆောင်ရွက်မည်

ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေခြင်းကို လက်လှမ်းမီစေရန် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့တွင် ဇီဝလုံခြုံမှုအဆင့် (၃) ရှိ တီဘီဓာတ်ခွဲခန်းများဖြင့် ဆောင်ရွက်နေပြီး ယခုနှစ်တွင် မော်လမြိုင်မြို့၌ တိုးချဲ့ဆောင်ရွက်မည်
Published 26 March 2018

ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများအားလုံး လက်လှမ်းမီစေရန်အတွက် ရန်ကုန်၊ မန္တလေးမြို့နှင့်တောင်ကြီးတို့တွင် ဇီဝလုံခြုံမှု အဆင့်(၃)(ကုသရန်ခက်ခဲသော တီဘီရောဂါများကို စစ်ဆေးအဖြေရှာရန်၊ အခြားဓာတ်ခွဲခန်းများတွင် စစ်ဆေးထားသည့် အဖြေများကိုမှန်ကန်ခြင်းရှိ မရှိ စစ်ဆေးရန်နှင့်ဖော်ထုတ်ရန်ခက်ခဲသော ရောဂါများကိုအဖြေရှာရန်) ရှိတီဘီဓာတ်ခွဲခန်းများဖြင့် ဆောင်ရွက်နေပြီး ယခုနှစ်တွင် မော်လမြိုင်မြို့အား တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုသည်။

အဆိုပါပြောကြားချက်ကို မတ် ၂၄ ရက်ကရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမကြီး ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သော ‘၂၀၁၈ ခုနှစ်ကမ္ဘာ့တီဘီရောဂါတိုက် ဖျက်ရေးနေ့’ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တီဘီရောဂါသည်ကမ္ဘာပေါ်တွင် ပြည်သူ့ကျန်းမာရေးတစ်ရပ်အနေဖြင့် တည်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံသည် တီဘီရောဂါ ကူးစက်ခံထားကြောင်း၊၂၀၁၆ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏  ခန့်မှန်းချက်အရ တီဘီရောဂါလူနာ ၁၀ ဒသမ ၄ သန်းဖြစ်ပွားပြီး ၁ ဒသမ ၈ သန်းသေဆုံးနေပြီး မြန်မာနိုင်ငံတွင်တီဘီနှင့် အိတ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါတွေများသည်လည်း ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ်တည်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နှစ်ချုပ် အစီအရင်ခံစာအရ စုစုပေါင်း တီဘီလူနာ တစ်သိန်းသုံးသောင်းကျော်  ရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။

“ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများအားလုံးလက်လှမ်းမီစေရန်အတွက် လက်ရှိအချိန်မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များမှာ ဇီဝလုံခြုံမှုအဆင့် (၃) ရှိ တီဘီဓာခွဲခန်းများဖြင့်ဆောင်ရွက်လျက် မော်လမြိုင်မြို့အတွက် တိုးချဲ့ဆောင်ရွက်ဖို့ စီစဉ်လျက်ရှိတယ်” ဟု ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် တီဘီလူနာ အသစ်တစ်သိန်းကိုး သောင်းခန့်ဖြစ်ပွားနေကြောင်း ခန့်မှန်းပြီး တီဘီလူနာ တစ်သိန်းလေးသောင်းခန့်ကို ရောဂါရှာဖွေကုသပေးလျက်ရှိကြောင်း၊ ပြည်သူလူထုအတွင်း ကျန်ရှိနေသည့် တီဘီလူနာ ငါးသောင်းခန့်ကို တိုင်းဒေသကြီး ပြည်နယ်များမှ တီဘီလူနာ ကွင်းဆင်းရှာဖွေ ကုသခြင်းလုပ်ငန်းစီမံချက်များ ရေးဆွဲပြီးဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။