တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့အကြား စစ်ရေးတင်းမာမှုကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းတက်နေသည့်အတွက် နှစ်ဖက်အပြန်အလှန် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း ကချင်နိုင်ငံရေးပါတီများ တောင်းဆို

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့အကြား စစ်ရေးတင်းမာမှုကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းတက်နေသည့်အတွက် နှစ်ဖက်အပြန်အလှန် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း ကချင်နိုင်ငံရေးပါတီများ တောင်းဆို
Published 5 March 2018

တပ်မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့ (KIO/KIA) တို့အကြား စစ်ရေးတင်းမာမှုကြောင့် ဒေသတွင်းကုန်ဈေးနှုန်းများ ဈေးတက်နေသည့်အတွက် နှစ်ဖက်အပြန်အလှန် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ကချင်နိုင်ငံရေးပါတီများက တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် တစ်လခန့်မှစတင်၍ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) တို့အကြား စစ်ရေးတင်းမာမှုများကြောင့် လမ်းတံတားများပျက်စီးခဲ့ရပြီး ဒေသတွင်းကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း သိရသည်။

“တစ်လလောက်တော့ရှိပြီ။ ဆွမ်ပရာဘွမ်အရှေ့ဘက်မှာ တိုက်ပွဲဖြစ်တော့ တံတားတွေ၊ လမ်းတွေ ပျက်သွားတယ်။ အဲဒါ ကနေစပြီးတော့မှ ပြန်ပြင်လို့လည်းမရဘူး။ နှစ်ဖက်တပ်တွေက တင်းမာမှုအခြေအနေတွေ ရှိနေတယ်။ ဒီတော့ ကားတွေက မသွားရဲဘူး။ ကားကြီး၊ ကားငယ် ဘယ်ကားမှ မသွားရဲဘူး။ အဲဒီတော့ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုဘက်မှာတော့ ကုန်ပစ္စည်းတွေ တင်ပို့လို့ မရခဲ့ဘူး။ တင်ပို့လို့မရခဲ့တဲ့ အတွက်ကြောင့် ကုန်ဈေးနှုန်းတွေ တက်တယ်။ တက်ရုံတင်မကဘူး။ ပြတ်လပ်နေတဲ့ အနေအထားတွေပါ ဆိုက်ရောက်လာတယ်လို့ သတင်းတွေ ကြားရတယ်။ အဓိက,ကတော့ တိုက်ပွဲဖြစ်လို့ပေါ့။ အခုချိန်ထိ တံတားတွေ၊ လမ်းတွေ ပြန်မပြင်နိုင်သေးဘူး။ အဲဒါ ဘယ်လောက်ထိ ကြာမလဲတော့ မသိဘူး။ နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းဖို့တော့ လိုမယ်” ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP ) ဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာက ဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ “ကျွန်တော်တို့ကတော့ ပြည်သူလူထုက အရမ်းကို ဒုက္ခရောက်နေတယ်။ ဒီဟာကို အချိန်ဆွဲမနေတော့ဘဲနဲ့ နှစ်ဖက်တာဝန်ရှိ ပုဂ္ဂိုလ်များ တွေ့ဆုံပြီးတော့မှ ပြေလည်အောင် ဖြေရှင်းစေချင်တယ်။ အမြန်ဆုံးပြေလည်အောင် နှစ်ဖက်တပ်တွေ တွေ့ဆုံဆွေးနွေးပြီးတော့ ဒီကိစ္စတွေကိုဖြေရှင်းပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါက်တာ မနန်တူးဂျာက ပြောကြားသည်။

ယခင်က ပူတာအိုမြို့၌ ဓာတ်ဆီဈေးမှာ တစ်ပုလင်းကို ကျပ် ၈၀၀ နှင့် ၁၀၀၀ ကြားတွင်ရှိ၍ ယခုလက်ရှိတွင် တစ်ပုလင်းကို တစ်သောင်းခန့်အထိ ရှစ်ဆခန့်ဈေးတက်နေပြီး အခြားစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စသည့် ကုန်စည်များမှာ နှစ်ဆ၊ သုံးဆခန့် ဈေးတက်နေကြောင်း ပူတာအိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေထံမှ သိရသည်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC ) ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက “KIO အနေနဲ့လည်း NCA ရေးထိုးဖို့ ပြင်ဆင်နေတယ် ကျွန်တော်တို့ သိရသလောက်။ PC (ငြိမ်းချမ်းရေးကော်မရှင်) နဲ့ တိုက်ရိုက် စကားပြောဖို့ တောင်းဆိုထားတာရှိတယ်။ အဲဒီတော့ ဒီကိစ္စက ကျွန်တော်တို့အမြင်ကတော့ လူထုပဲ ကြားက နစ်နာတယ်။ KIO ဘက်ကလည်း ပြင်ဆင်သလို တပ်မတော်ဘက်ကလည်း ဒီဖက်မှာ အင်အားကြီးတဲ့အနေနဲ့ အထိုက်အလျောက် ဒီဟာကို ဖြေလျှော့ဖို့လိုမယ်။ ဆိုတော့ သယံဇာတ ထိန်းသိမ်းကာကွယ်ရေး တစ်ခုတည်းမဟုတ်ဘူး ကျွန်တော့်အမြင်ကတော့။ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ အနေအထားကိုပါ ရှုမြင်ဖို့လိုမယ်။ စစ်ရေးတစ်ခုတည်း ရှုမြင်တာထက်စာရင်လေ။ အဲဒီနှစ်ချက်ကို Balance လုပ်နိုင်မှ ငြိမ်းချမ်းရေးကလည်း ပိုပြေလည်လိမ့်မယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ လူထုကြားမှာ မုန်းတီးရေး နှစ်ဖက်ဝင်တယ်ပေ့ါ။ ဘာမှအကျိုးမရှိဘူး။ မုန်းတီးရေးနှစ်ဖက်ဝင်တယ်ဆိုတာက တချို့လည်း KIO ကြောင့်ဖြစ်တယ်ဆိုပြီးတော့ KIO ကို ပိုပြီးမုန်းတီးလာတယ် ကချင်လူမျိုးစုတွေ ကြားထဲမှာ။ နောက်တစ်ခါ KIO ကို မမုန်းတဲ့အုပ်စုကလည်း ဒါတပ်ကြောင့်။ ငါတို့နယ်မြေထဲ ငါတို့သယံဇာတကို ဒီလိုစစ်ကြောင်းတွေထိုးတယ်။ ဒုက္ခပေးတာလည်း ကြာပြီဆိုတဲ့ အမြင်တွေကလည်း ပိုပြီးကြီးလာတာပေါ့။ အကျိုးကျေးဇူးကတော့ နှစ်ဖက်စလုံးအတွက် မကောင်းဘူး။ မုန်းလာတဲ့အခါမှာ လူမျိုးရေးမုန်းတီးမှုတွေ အခြေခံလာတဲ့အခါကျတော့ မဖြစ်စေချင်ဘူးပေါ့။ အဲဒီတော့ တပ်မတော်အနေနဲ့သော်လည်း ကောင်းအခုက သယံဇာတထိန်းသိမ်းရေးက အရေးကြီးတာ မှန်တယ်သော်ငြားလည်းပဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီး ရှေးရှုစေချင်တယ်။ ဒီလိုပဲ KIO ဘက်ကလည်း တပ်မတော်နဲ့ ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုအတွက် သွားမယ်ဆိုလည်း ဒီထက် မြန်ဆန်သော ငြိမ်းချမ်းသော နည်းလမ်းတွေကို ရှာစေချင်တယ်။ ဒါ ကျွန်တော့် ဆန္ဒပေါ့နော်။ အဲလိုပဲဖြစ်မှ လူထုက သက်သာမယ်။ မဟုတ်လို့ဆိုရင်တော့ လူထုက မြေစာပင်လုံးလုံးဖြစ်နေမှာပဲ” ဟု တိုက်တွန်းပြောကြားသည်။

တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်သည့် အဖွဲ့တို့သည် တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန်ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးမှုကြောင့် တရုတ်နိုင်ငံ တာလီမြို့၌ ဖေဖော်ဝါ ရီ ၁ ရက်က တွေ့ဆုံခဲ့ရာတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကိစ္စများအပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများလျှော့ချရေး၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်ရေးနှင့် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့သော်လည်း နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြုသည့် သဘောတူညီမှု တစ်စုံတစ်ရာမရရှိခဲ့ကြောင်း KIO က ထုတ်ပြန်ထားသည်။