ကုလအဖွဲ့အစည်း၊ အလှူရှင်အသင်းအဖွဲ့၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့ကျော်နှင့် ကျန်းမာရေးဝန်ကြီး တွေ့ဆုံ

ကုလအဖွဲ့အစည်း၊ အလှူရှင်အသင်းအဖွဲ့၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့ကျော်နှင့် ကျန်းမာရေးဝန်ကြီး တွေ့ဆုံ
Published 1 March 2018

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုလသမဂ္ဂ အထောက်အပံ့အဖွဲ့အစည်းများ၊ အလှူရှင်အသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့ကျော်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ဝန်ကြီးဌာနနှင့် လက်တွဲပူးပေါင်း၍ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသော အဖွဲ့များဟု သဘောထားကြောင်းနှင့် INGO ၏လုပ်ငန်းဆောင်ရွက်မှုများသည် ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများ၊ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) တွင်ပါဝင်သော မဟာဗျူဟာများ၊ လုပ်ငန်းများနှင့် သင့်လျော်ကိုက်ညီမှုရှိရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို အားဖြည့်ထောက်ပံ့ပေးရန်၊ ပြည်သူတို့၏ ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားလာရေးကို ဦးတည်၍ အပြန်အလှန်အားဖြည့် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

တွေ့ဆုံမှုသည် မိမိတို့အားလုံး ယခုထက် ပိုမိုထိရောက်စွာ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုသည်ကို ပွင့်လင်းစွာဆွေးနွေးကြရန်ဖြစ်ပြီး လက်ရှိကြုံတွေ့နေသော စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ကိစ္စများကို ဆွေးနွေးတင်ပြစေလိုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တတ်နိုင်သမျှပြေလည်အောင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းတူဆောင်ရွက်နေသော INGO များ အချင်းချင်းလည်း ချိတ်ဆက်ဆောင်ရွက်သင့်ပြီး လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် INGO များသည် မိမိတို့၏အဓိကကျသော လုပ်ငန်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ စီမံချက်မန်နေဂျာများ၊ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများအား အသိပေးစေလိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများသည် မိမိတို့ဒေသအတွင်းရှိ INGO များနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို အနည်းဆုံးခြောက်လတစ်ကြိမ် ပြုလုပ်သင့်ကြောင်း၊ စီမံချက်မန်နေဂျာများကလည်း မိမိတို့၏ စီမံချက်လုပ်ငန်းနှင့် ပတ်သက်သော INGO များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းအမျိုးအစားများနှင့် နေရာဒေသတို့ကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် လေ့လာပြုစုရန် လိုအပ်ကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန ယခုထက်ပိုမိုလွယ်ကူစွာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်ဒေသနေပြည်သူများ၊ ဝေးလံခက်ခဲဒေသတွင် နေထိုင်ကြသူများ အပါအဝင် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားလာစေရေး အတူကြိုးပမ်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent