ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ခုနစ်ကြိမ်မြောက် ရုံးထုတ်ပြီး အင်းဒင်ကိစ္စ ဆက်သွယ်ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံ သတင်းထောက်ကိုဝလုံး ပြောကြား

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ခုနစ်ကြိမ်မြောက် ရုံးထုတ်ပြီး အင်းဒင်ကိစ္စ ဆက်သွယ်ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံ သတင်းထောက်ကိုဝလုံး ပြောကြား
Published 22 February 2018

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံ မြန်မာသတင်းထောက် နှစ်ဦးကို ဖေဖော်ဝါရီ ၂၁ ရက်က ခုနစ်ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အင်းဒင်ကိစ္စ ဆက်သွယ်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံသတင်းထောက် ကိုဝလုံးက ရုံးထုတ်တွင် ပြောကြားသည်။

ရုံးချိန်းတွင် တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး ရဲတပ်ကြပ် ကျော်လွင်နှင့် အရပ်သားသက်သေ ဦးဝင်းလွင်ဦးတို့ ဖြစ်ကြောင်း သိရသည်။

ကိုဝလုံးက “ ဒီနေ့ အင်းဒင်နဲ့ ပတ်သက်တဲ့ အချက်အလက်ကို တရားရုံးမှာ တင်တာကိုတော့ ပယ်ချလိုက်တယ်။ ယာယီအားဖြင့်ပေါ့။ နောက်တော့ ဆက်တင်သွားမှာပါ။ အဓိက ကတော့ အမှတ် ၈ တပ်ရင်းကို ကြိုးစားဆက်သွယ်ရင်းနဲ့ အဖမ်းခံရတာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားရုံးကို သက်သေအနေနဲ့ တင်ပြသွားမှာပါ။ ကျွန်တော်တို့ကို အင်းဒင်ကိစ္စနဲ့ ဆက်သွယ်ရာမှာ အဲဒီကိစ္စအပေါ်မှာ အဖမ်းခံရတယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ စုံစမ်းဖော်ထုတ်မှု လုပ်ခဲ့တယ်။ အမှတ်(၈) ရဲတပ်ရင်းကို ဆက်သွယ်ခဲ့တယ်။ ဒါကို ကျွန်တော်တို့ဆက်ပြီး ရင်ဆိုင်သွားမှာ”ဟု မီဒီယာများအား ပြောကြားသည်။

ရုံးချိန်းတွင် ဖမ်းဆီးခံ သတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့၏ အကျိုးဆောင်ရှေ့နေများက ရိုက်တာသတင်းဌာန၏ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာ သတင်းကို တရားရုံးသို့ သက်သေ တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်က ရှင်းလင်းတာ ရှိတယ်။ အဲဒီမှာ ရိုက်တာသတင်းသမားနှစ်ယောက်ကိစ္စ ပါတယ်။ အဲဒီမှာကတည်းက ကျွန်တော် သတိထားမိတာက အစိုးရရဲ့ သဘောထားကို မြင်မိတယ်။ နောက်တစ်ခါ တရားစွဲအဖွဲ့အစည်းနဲ့ တပ်မတော်ကြားမှာ Information Gap ဖြစ်နေတယ်။ တစ်ခုနဲ့တစ်ခုက အပေါ်ပိုင်းလူကြီးတွေ သိထားတာတွေ တစ်မျိုးဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ ဒီအမှုဘာကြောင့် ပေါ်ပေါက်ရတယ်ဆိုတာ အစိုးရနဲ့ တပ်မတော်ဘက်က မသိသေးဘူးထင်လို့ အင်းဒင်ကိစ္စကို ကျွန် တော်က သက်သေခံ တင်တာ”ဟု ပြောကြားသည်။

ထို့ပြင် တရားလိုပြသက်သေများက ထွက်ဆိုရာတွင် ကွဲလွဲချက်များအပေါ် မမှန်သက်သေခံမှုဖြင့် အရေးယူပေးရန် တရားရုံးတွင် တင်ပြခဲ့သော်လည်း ပယ်ချခံရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

အဆိုပါ သတင်းထောက်နှစ်ဦး၏ ရုံးချိန်းကို ဖေဖော်ဝါရီ ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent