ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးအား ခြောက်ကြိမ်မြောက်ရုံးထုတ်ပြီး တရားလိုပြသက်သေ ဒုရဲအုပ်တစ်ဦးကို စစ်ဆေး

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးအား ခြောက်ကြိမ်မြောက်ရုံးထုတ်ပြီး တရားလိုပြသက်သေ ဒုရဲအုပ်တစ်ဦးကို စစ်ဆေး
Published 15 February 2018

ရိုက်တာသတင်းဌာနမှ ဖမ်းဆီးခံ မြန်မာသတင်းထောက်နှစ်ဦးအား အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင်တရားရုံးတွင် ဖေဖော်ဝါရီ ၁၄ ရက်က ခြောက်ကြိမ်မြောက်ရုံးထုတ်ပြီး တရားလိုပြသက်သေ ဒုရဲအုပ်တစ်ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါရုံးချိန်းတွင် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးစဉ်က ပါဝင်ခဲ့သည်ဆိုသော ထောက်ကြန့်နယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကိုကိုအား တရားလိုပြသက်သေအဖြစ် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံသတင်းထောက်နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က “ဒီနေ့ ရှာဖွေဖမ်းဆီးတဲ့နေရာမှာပါတယ်ဆိုတဲ့ ဒုရဲအုပ်မျိုးကိုကိုကိုစစ်ပါတယ်။ သူတို့ကိုယ်တိုင် ရဲလက်စွဲဥပဒေကို သိသလားလို့မေးတဲ့အခါ သေချာမသိဘူးလို့ အဲဒါတော့ပြောသွားတယ်။ နောက်တစ်ခါ ရဲနေ့စဉ်မှတ်တမ်းတွေ တရားရုံးကိုတင်ပြဖို့ ကျွန်တော်တို့ လျှောက်ထားခဲ့တယ်။ သို့ပေမဲ့ အခွင့်အလမ်းမသာခဲ့ဘူး” ဟုပြောကြားသည်။

ရုံးချိန်းကို ဖေဖော်ဝါရီ ၂၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေများ ဆက်လက်စစ်ဆေးမေးမြန်းမည်ဖြစ်ပြီး စစ်ဆေးရန် တရားလိုပြသက်သေ ၂၁ ဦးခန့်ကျန်ရှိနေကြောင်း သိရသည်။

ထို့ပြင် နောက်အပတ်ရုံးချိန်းများတွင် တရားလိုပြသက်သေများစစ်မေးရာတွင် တစ်ပတ်လျှင် နှစ်ဦးခန့်စစ်ဆေးမေးမြန်းရန် တရားရုံးအား မေတ္တာရပ်ခံခဲ့ကြောင်း အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဇော်က ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုသက်ဦးအောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ (၁) (ဂ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၂၅ ဦးတင်ထားကြောင်း သိရသည်။