အင်းဒင်ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အရာရှိလေးဦး အပါအဝင် စုစုပေါင်း ၁၆ ဦးအား အရေးယူထားကြောင်း သိရ

အင်းဒင်ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အရာရှိလေးဦး အပါအဝင် စုစုပေါင်း ၁၆ ဦးအား အရေးယူထားကြောင်း သိရ
Published 12 February 2018

အင်းဒင်ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်အရာရှိလေးဦး၊ စစ်သည်သုံးဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အရပ်သားခြောက်ဦး  စုစုပေါင်း ၁၆ ဦး အရေးယူထားကြောင်း သိရသည်။

သမ္မတရုံး၏ ညွန်ချုပ်ဦးဇော်ဌေးက “အခု စုံစမ်းစစ်ဆေးမှု ပြီးသွားတဲ့အချိန်မှာ ပါဝင်ပတ်သက်သူတွေကို တပ်မတော်အရာရှိ လေးဦးပါတယ်။ စစ်သည် သုံးဦးပါတယ်။ စုစုပေါင်း တပ်မတော်က ခုနစ်ဦးပါတယ်။ ရဲတပ်ဖွဲ့က သုံးဦးပါတယ်။ ပတ်သက်မှုရှိတဲ့ ရွာသားခြောက်ဦးပါတယ်။ အားလုံး ၁၆ ယောက်ဒီဖြစ်စဉ်မှာ ပါဝင်တယ်လို့ သိရတယ်။ ဒီဖြစ်စဉ် ပေါ်ပေါက်သွားတာပေါ့” ဟု ဧရာဝတီသတင်းဌာန မြန်မာပိုင်းတွင် ဖော်ပြထားသည်။

တပ်မတော်က အရာရှိလေးဦး၊ အခြားအဆင့် သုံးဦး စုစုပေါင်း ခုနစ်ဦးကို တပ်မတော်က သက်သေခံအကျဉ်းချုပ်နှင့် အရေးယူလိုက်ကြောင်း၊ သက်သေခံအကျဉ်းချုပ်ဆိုသည်မှာ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့လိုက်ပြီးဖွဲ့ပြီးသည့် အပေါ်တွင်  ပေါ်ပေါက်သဖြင့် ၎င်းတို့ကို သက်သေခံအကျဉ်းချုပ် အရေးယူခြင်းဖြစ်ကြောင်း၊ အခြားပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင်သုံးဦး နှင့် ရွာသားခြောက်ဦးကို နယ်ဘက်တရား ဥပဒေဖြင့် အရေးယူရန် သမ္မတရုံးက ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြာင်းကြားထားကြောင်း သိရသည်ဟု ဧရာဝတီသတင်းဌာန သတင်းဖော်ပြမှုတွင် ပါရှိသည်။

“ရဲမှာလည်း ရဲစည်းကမ်း ဥပဒေဆိုတာ ရှိပါတယ်။ ကျန်တဲ့လူသတ်မှုတို့နဲ့ ပတ်သက်ရင်တော့ အရပ်ဘက်တရားရုံးကို ရောက်မှာပေါ့နော်။ တပ်မတော်ကျတော့ စစ်ဘက်ဥပဒေရော၊ နယ်ဘက်ဥပဒေရော နှစ်ခုလုံးကို လိုက်နာရတယ်။ မုဒိမ်းမှုတို့၊ လူသတ်မှုတို့ဆိုရင် စစ်ဘက်ဥပဒေရော၊ နယ်ဘက်ဥပဒေရော အရေးယူတာကို တွေ့ရတယ်။ ကျူးလွန်တဲ့ အပေါ်မှာ မူတည်ပြီးတော့ အတိုင်းအဆက ကွာတယ်” ဟု သမ္မတရုံးညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်ဟူ၍ ယင်းသတင်းတွင် ဖော်ပြသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က အင်းဒင်ဖြစ်စဉ်နှင့် ပတ်သက်၍ ကနဦး စုံစမ်းစစ်ဆေးမှုများကို ဇန်နဝါရီ ၁၀ ရက် ကတည်းက ထုတ်ပြန်ထားပြီး ဖြစ်သည်။

အဆိုပါ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် အင်းဒင်ကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား ၂၀၀ ခန့် ကတုတ်၊ဓားများ ကိုင်ဆောင်၍ ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် သေနတ်မိုးပေါ် ထောင်ဖောက်ကာ သတိပေးတားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီ်များ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား စက်တင်ဘာ ၁ ရက် ညပိုင်း စာသင်ကျောင်း၌ ချုပ်နှောင်ထားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်မှု ရှိနေကြောင်း၊ ကျေးရွာတွင် နေထိုင်စဉ် မော်လဝီဆရာများက အကြမ်းဖက် လုပ်ငန်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စည်းရုံးခံထားရသူများဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်း ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း အင်းဒင်နယ်မြေရဲစခန်းရှိ မော်တော်ယာဉ်နှစ်စီးအား သင်္ဘောကွေ့ ကျေးရွာတွင် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်မီးရှို့ ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလတွင် ၎င်းနယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးကို ဖြန့်ခွဲဆောင်ရွက်နေရသည့်အတွက် ၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ရဲစခန်းသို့ လက်ဆင့်ကမ်းပို့ဆောင်နိုင်သည့် အခြေအနေမရှိခြင်းကြောင့် ၎င်းတို့အား သုသာန်သို့ ခေါ်ဆောင်သတ် ဖြတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။