ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျုးကျော်များအတွက် ရေရှည်ချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူနိုင်ရေး မြေကို အစိုးရကထည့်ဝင်ပြီး လုပ်ငန်းရှင်များဘက်က အိမ်ရာတည်ဆောက်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နံှသူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျုးကျော်များအတွက် ရေရှည်ချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူနိုင်ရေး မြေကို အစိုးရကထည့်ဝင်ပြီး လုပ်ငန်းရှင်များဘက်က အိမ်ရာတည်ဆောက်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နံှသူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုဆို
Published 4 February 2018

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဆောက်လုပ်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာများကို ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်များအတွက် ရေရှည်ချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူနိုင်ရေးမြေကို အစိုးရက ထည့်ဝင်ပြီး လုပ်ငန်းရှင်များဘက်က အိမ်ရာတည်ဆောက်ရန် နိုင်ငံတကာရင်း နှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ ၁၄ ကြိမ်မြောက် အခမ်းအနားတွင် ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်တွေကို စနစ်တကျနေရာချထားပေးဖို့ ဆောင်ရွက်ရပါမယ်။ ဒီနေရာချထားပေးမှုဟာ မြေကွက်ရိုက်ပြီးတော့ လယ်ကွင်းလိုနေရာမျိုးမှာ သွားပြီးထားလို့ မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့လူမှုဘဝတွေ အဆင့်မြှင့်တင်နိုင်ဖို့အတွက် အိမ်ရာစီမံကိန်းလုပ်ဖို့ စီစဉ်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဒီအတွက်လည်း ကျွန်တော်တို့ နားလည်မှု စာချွန်လွှာထိုးပြီးသားတွေ ရှိတယ်။ စာချုပ်အဆင့်တက်လှမ်းပြီး ရင်းနှီးမြှပ်နှံမှုကို ဖိတ်ခေါ်ပြီး ရေရှည်ချေးငွေစနစ်တစ်ခုနဲ့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ အိမ်ခန်းရယူတဲ့ သူတွေကလည်း သူတို့အိမ်ခန်းကို ရယူထားပြီးတဲ့ အခြေအနေမှာ တဖြည်းဖြည်း ခုနစ်သောင်း၊ ရှစ်သောင်းလောက် ပေးဆပ်ခြင်းအားဖြင့် အနှစ်၂၀၊ ၂၅ လောက်မှာ ပိုင်ဆိုင်မှုရသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်ဖို့ အဆင့်မြှင့်တင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ အိမ်ရာများတည်ဆောက်ရန်အတွက် မြေကို အစိုးရက ထည့်ဝင်ပေးပြီး လုပ်ငန်းရှင်ဘက်က တန်ဖိုးနည်းအိမ်ရာ အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံတကာရင်းနှီး မြှုပ်နှံသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

“ဘာကြောင့်လဲဆိုရင် ကွင်းဆက်တစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေပါတယ်။ တစ်ခုကို ဖြေရှင်းမယ်ဆိုရင် တစ်ဖက်က ကျူးကျော်ကို ရှင်းမယ်ဆိုရင် ကျူးကျော်အတွက် စနစ်တကျ ပြင်ဆင်ထားမှ စီမံကိန်းမရှိဘဲ ဒီဖြေရှင်း ဆောင်ရွက်မှုက ဒီအပုံတစ်ပုံကို တခြားတစ်နေရာကို ရွှေ့တာနဲ့ အတူတူပဲဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် လေးသိန်းကျော်ရှိပြီး လိုအပ်ပါက သတင်းတပ်ဖွဲ့များဖြင့် ပြေးလေးပြေး၊ ရာဇဝတ်မှုကျူးလွန်သူများ၊ လိမ်လည်စာရင်းသွင်းမှုများကို စိစစ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ် ဇွန် ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တစ်နှစ်တာဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျူးကျော်ကို ကျွန်တော်တို့ ခန့်မှန်းထားတာ သုံးသိန်းကျော်လောက် ဖြစ်ပါတယ်။ တကယ်လက်တွေ့ မြေပြင်အခြေအနေမှာ လေးသိန်းကျော်လောက်ရှိပါတယ်။ ဒီထဲမှာရှိတဲ့သူတွေ အားလုံးဟာ ကျူးကျော်အစစ်အမှန် ဟုတ် မဟုတ် သေချာစိစစ်သွားမှာ ဖြစ်ပါတယ်။ လိုအပ်လာမယ်ဆိုရင် သတင်းတပ်ဖွဲ့တွေကိုပေးပြီး စိစစ်သွားမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ပြေးလေးပြေးလိုမျိုး ပါနေတာမျိုးတွေ၊ ဒါမှမဟုတ် ဒီနယ်မြေတွေအတွင်းမှာ ရာဇဝတ်မှု ကျူးလွန်သူတွေ ရှိနေတာမျိုးတွေ ကျူးကျော်မဟုတ်ဘဲ အစိုးရအဖွဲ့ကို လိမ်လည်စာရင်းသွင်းနေတဲ့ အခြေအနေတွေမျိုးတွေကို စိစစ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးကျော်တွေကို စနစ်တကျနေရာချထားပေးဖို့အတွက် အင်မတန်မှ စိတ်ဝင်စားပါတယ်။ ဒါကြောင့်မို့ UNHABITAT နဲ့ ညှိနှိုင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ပါဝင်ဆောင်ရွက်တဲ့ ကျူးကျော်များ ပြန်လည်နေရာချထား ရေးကိစ္စကို ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကျူးကျော်ပြန်လည်နေရာချထားရေး အစီအစဉ်သစ်တစ်ရပ် အတွက်လည်း ဧရိယာတစ်ခုကို ရွေးချယ်သတ်မှတ်ဖို့အတွက် လေ့လာဆန်းစစ်မှု ပြုနေပြီဖြစ်ပါတယ်။ စနစ်တကျနေရာချထားပေးဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Most Read

Most Recent