တရားရုံးက အထူးမှုခင်းကိစ္စရပ်များ ဆောင်ရွက်ခြင်းနှင့် မှုခင်းများတွင် စေ့စပ်ဖြေရှင်းသည့် နည်းလမ်းသစ်များ အသုံးပြုနိုင်ရေးအတွက် စမ်းသပ်အစီအစဉ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ထုတ်ပြန်

တရားရုံးက အထူးမှုခင်းကိစ္စရပ်များ ဆောင်ရွက်ခြင်းနှင့် မှုခင်းများတွင် စေ့စပ်ဖြေရှင်းသည့် နည်းလမ်းသစ်များ အသုံးပြုနိုင်ရေးအတွက် စမ်းသပ်အစီအစဉ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ထုတ်ပြန်
Published 2 February 2018

တရားရုံးက အထူးမှုခင်းကိစ္စရပ်များ ဆောင်ရွက်ခြင်းနှင့် မှုခင်းများတွင် စေ့စပ်ဖြေရှင်းသည့် နည်းလမ်းများ ကျင့်သုံးခြင်းစသည့် နည်လမ်းသစ်များ အသုံးပြုနိုင်ရေးအတွက် စမ်းသပ်အစီအစဉ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇန်နဝါရီ ၃၀ ရက်က သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာတရားစီရင်ရေး စနစ်တိုးတက်လာစေရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ငါးနှစ်တာတရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) တစ်ရပ်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားပြီး ယခုစီမံကိန်းသည် ဒုတိယမြောက် မဟာဗျူဟာစီမံကိန်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းသည် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံတရားစီရင်ရေး၏ လူတိုင်းသို့ အရည်အသွေးမြင့်တရားမျှတမှု ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ရည်မှန်းချက်များကို စီမံကိန်း၏ ပန်းတိုင်အဖြစ်ထားရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါပန်းတိုင်သို့ရည်မှန်း၍ တရားရုံး ဝန်ဆောင်မှုများ အများပြည်သူလက်လှမ်းမီနိုင်မှု၊ အများပြည်သူ၏ အသိအမြင်မြှင့်တင်မှု၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်၊ တရားစီရင်ရေး၏ ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှု၊ ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စစသည့် လုပ်ငန်းနယ်ပယ်များ သတ်မှတ်ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် စီမံကိန်း၏ ပထမနှစ်လုပ်ငန်း အစီအစဉ်တွင် တရားစီရင်ရေး၏ လွတ်လပ်မှုကို ဖော်ဆောင်ရေး၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေဖြင့် အကူအညီလိုအပ်နေသောသူများသို့ အရည်အသွေးပြည့်မီသည့် ဥပဒေရေးရာ ပံ့ပိုးကူညီမှုများပေးနိုင်ရေး၊ တရားရုံးအသုံးပြုသူများအပေါ် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများပေးရေး၊ ပြည်သူများ တရားရုံးသတင်းအချက်အလက်ပိုမိုရရှိရေး၊ တရားသူကြီးများနှင့် ရုံးဝန်ထမ်းများ၏ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးများ မြင့်မားလာစေရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ရေးတို့ကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သည့်အပြင် တရားရုံးက အထူးမှုခင်းကိစ္စရပ်များ ဆောင်ရွက်ခြင်းနှင့်မှုခင်းများတွင် စေ့စပ်ဖြေရှင်းသည့်နည်းလမ်းများ ကျင့်သုံးခြင်းစသည့် နည်းလမ်းသစ်များအသုံးပြုနိုင်ရေးအတွက် စမ်းသပ်အစီအစဉ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သတင်းထုတ်ပြန်ထားသည်။

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ကို ယခင်သုံးနှစ်တာ ဗဟာဗျူဟာစီမံကိန်း၏ အကောင်အထည်ဖော်မှုရလဒ်များ၊ တရားမျှတမှုကဏ္ဍမှ အကျိုးသက်ဆိုင်သူများ၊ အစိုးရဌာနများ၊ လူမှုအဖွဲ့ အစည်းများ၏ ဆွေးနွေးအကြံပြုချက်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ပညာရှင်များ၏ နည်းပညာဆိုင်ရာအကြံပြုချက်များ၊ တရားရုံးအသုံးပြုသူများ၏ တရားရုံး ဆောင်ရွက်မှုအပေါ် ဖြေကြားသည့်စစ်တမ်းများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဌာနများ၊ လုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များမှ အကြံပြုချက်များ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်များကို အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။