မြန်မာ့အဖိုးတန်သယံဇာတများ တရားမဝင် ခိုးထုတ်နေသည်ဟုဆိုသော KIA အဖွဲ့များ၏ စခန်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်

မြန်မာ့အဖိုးတန်သယံဇာတများ တရားမဝင် ခိုးထုတ်နေသည်ဟုဆိုသော KIA အဖွဲ့များ၏ စခန်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်
Published 29 January 2018

မြန်မာ့အဖိုးတန်သယံဇာတများ တရားမဝင် ခိုးထုတ်နေသည်ဟုဆိုသော KIA အဖွဲ့များ၏စခန်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၈ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် KIA အဖွဲ့များသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလား တောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို လျစ်လျူရှုကာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်များကို ဆန့်ကျင်လျက် ကချင်ပြည်နယ်အတွင်းရှိ မြန်မာ့အဖိုးတန်သယံဇာတများအား တရားမဝင်ခိုးထုတ်ခြင်း၊ ခရီးသွားပြည်သူများအား ဆက်ကြေးကောက်ခံခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား နှောင့်ယှက်ပစ်ခတ်ခြင်းနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိပြီး ကုန်စည်စီးဆင်းမှု ဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများတွင် မိုင်းထောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

KIA အဖွဲ့များအား သတ်မှတ်နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးမှုများ လုပ်ဆောင်ခြင်း မပြုလုပ်ရန် အကြောင်းကြားထားသည့်အပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်၌ တပ်မတော်က ၎င်းကိစ္စနှင့်ပတ်သက်၍ အဆိုတင်သွင်းထားပြီးဖြစ်သော်လည်း KIA အဖွဲ့များသည် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ အပါအဝင် အထက်ဖော်ပြပါ အဖျက်အမှောင့်လုပ်ငန်းများနှင့် အဖိုးတန်သယံဇာတများ တရားမဝင် ခိုးထုတ်ခြင်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တို့တွင် တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံ နောက်တန်းဌာနချုပ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ လာရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်လာခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏သယံဇာတများအား တရားမဝင် နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲနေမှုများကို စောင့်ရှောက်ကာကွယ်လျက်ရှိရာတွင်လည်း တနိုင်းဒေသ၌ အဆိုပါ ကာလအတွင်း တရားမဝင် ဆောင်ရွက်လျက်ရှိသော ရွှေတူူးဖော်ခြင်း၊ ပယင်းတူးဖော်ခြင်းနှင့် အဖိုးတန်သစ်များ ခိုးယူထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ် ၉၄ စီး၊ မြေသယ်ယာဉ် ၁၂ စီး၊ ၁၀ ဘီးယာဉ်တစ်စီး၊ ဆီသယ်ယာဉ်နှစ်စီးနှင့် ရွှေဖောင် ၁၆ ဖောင်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရေးတို့အတွက် တနိုင်းဒေသအတွင်း နယ်မြေရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ထိတွေ့မှု ၁၀ ကြိမ်၊ မိုင်းဖြစ်စဉ်သုံးကြိမ်ဖြစ်ပွားခဲ့ကာ KIA အဖွဲ့၏ အကောက်ခွန်ဂိတ်တစ်ခု၊ စခန်းငယ်တစ်ခုနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်များတွင် ရန်သူတချို့ သေဆုံးခဲ့ကြောင်းနှင့် မိမိတပ်မတော်မှ စစ်သည်တချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ကာ တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

KIA အဖွဲ့က ဆွမ်ဘရာဘွမ်မြို့အနီးရှိ တံတားနှစ်စင်းနှင့် ဆောက်လုပ်ရေးယာဉ်ယန္တရားများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဇန်နဝါရီ ၂၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။