တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Cyclone Shelter ၈၆ လုံးကို ယခုနှစ်တွင် တည်ဆောက်မည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Cyclone Shelter ၈၆ လုံးကို ယခုနှစ်တွင် တည်ဆောက်မည်
Published 27 January 2018

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Cyclone Shelter ၈၆ လုံးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ကျပ် ၁၅ ဒသမ ၉၇၃ ဘီလျံ အသုံးပြု၍ ယခုနှစ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၏ ပေါက်တောမြို့နယ် တောင်ပိုင်းပင်လယ်ကမ်းစပ် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်လျက်ရှိကြသော ပြည်သူများ၏ အသက်အန္တရာယ်ကို လတ်တလော ကာကွယ်ပေးနိုင်ရန် အလို့ငှာ လေဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) သုံးလုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ဘေးဖြစ်ပွားနိုင်ခြေရှိသည့် ဒေသများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Cyclone Shelter များ ဆောက်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးကို ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်မှုသည် အလွန်အရေးကြီးသည့်အတွက် အစိုးရအနေဖြင့် ပြည်သူလူထုအတွက် သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်ရေး ဦးတည်ဆောင်ရွက်သည့် အနေဖြင့် ဘက်စုံသုံး Cyclone Shelter များကို တည်ဆောက်ခြင်းဖြစ်ပြီး ဘေးဖြစ်ပါက အချိန်မီ ခိုလှုံနိုင်ခြင်းကြောင့် ယခုနှစ်တွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ငွေကျပ် ၁၅ ဒသမ ၉၇၃ ဘီလျံ အကုန်အကျခံကာ Cyclone Shelter ၈၆ လုံးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ထိုသို့တည်ဆောက်မည့် Cyclone Shelter ၈၆ လုံးသည် ဧရာဝတီတိုင်းဒေသကြီးတွင် ၅၇ လုံး၊ ရခိုင်ပြည်နယ်တွင် ၂၆ လုံး၊ ချင်းပြည်နယ်တွင် နှစ်လုံးနှင့် ရှမ်းပြည်နယ်တွင် တစ်လုံးတို့ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။