လူငယ်များအား မတရားပုဒ်မများ တပ်၍ ဖမ်းဆီးအမိန့်ချခြင်းများအား ကန့်ကွက်ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ရပ် လှည်းတန်းတွင် ပြုလုပ်

လူငယ်များအား မတရားပုဒ်မများ တပ်၍ ဖမ်းဆီးအမိန့်ချခြင်းများအား ကန့်ကွက်ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ရပ် လှည်းတန်းတွင် ပြုလုပ်
Published 21 January 2018

လူငယ်များအား မတရားပုဒ်မများတပ်၍ ဖမ်းဆီးအမိန့်ချခြင်းအား ကန့်ကွက်ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ရပ်အား လှည်းတန်း ဦးထွန်းလင်းခြံလမ်းနှင့် အင်းလျားကန်ဘောင်တစ်လျှောက်တွင် ဇန်နဝါရီ ၂၀ရက် ညနေပိုင်းကလူငယ်အဖွဲ့အစည်းအချို့မှ ဦးရေ ၅၀ ကျော်ခန့်ဖြင့် ပူးပေါင်းပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုအား လူငယ်အဖွဲ့အစည်းအဖွဲ့အချို့မှ ဇန်နဝါရီ ၂၀ရက် ညနေ ၄နာရီကျော်ခန့်တွင် လှည်းတန်း ဦးထွန်းလင်းခြံလမ်းတွင် စတင်ပြုလုပ်ခဲ့ပြီး ကရင်နီလူငယ် ငါးဦး ဖမ်းဆီးခံရမှု၊ ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှု၊ ကလေးစစ်သားဖြစ်ခဲ့သူ အောင်ကိုထွေး အဖမ်းခံရမှု၊ နမ့်ဆန်မြို့နယ်တွင် အဌမတန်းကျောင်းသားတစ်ဦး မတရားအသင်းဆက်သွယ်မှုဖြင့် ထောင်ချခံရမှု၊ မူဆယ်မြို့တွင်ဖြစ်ပွားခဲ့သည့် ပြည်သူ့စစ်နှင့် လက်နက်ကိုင်ဆောင်သူတရားခံ အပြန်အလှန် ပစ်ခတ်မှုနှင့်ပတ်သက်၍ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့၏ တာဝန်ခံ မိုင်းမျိူးအောင် ဖမ်းဆီးခံရသည်များကို ကန့်ကွက်ဆန့်ကျင်မှု သရုပ်ပြမှုများ ပြုလုပ်ခဲ့သည်။

ထိုပြင် ဖမ်းဆီးထောင်ချခံရသူများ၏ မျက်နှာပုံများအား မျက်နှာဖုံးလုပ်ကာ သရုပ်ဖော်ခြင်း၊မျက်နှာဖုံးတပ်ထားသူများအား ဖမ်းဆီးသည့်ပုံစံ သရုပ်ဖော်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် အင်းလျားကန်ဘောင်တွင် သရုပ်ပြမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး လှုပ်ရှားမှုအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။