သိန္နီနှင့် ကွတ်ခိုင်မြို့တွင် ကျပ်ဘီလျံ ၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သိန္နီနှင့် ကွတ်ခိုင်မြို့တွင် ကျပ်ဘီလျံ ၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 19 January 2018

ကွတ်ခိုင်မြို့နယ်ရှိနေအိမ်မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

သိန္နီမြို့နှင့် ကွတ်ခိုင်မြို့တွင် ကျပ်ဘီလျံ ၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်က သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ ရက် နံနက် ၆ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၄)လား ရှိုးမြို့နယ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သိန္နီမြို့အထွက် အိုရီယမ်တယ်တိုး ဂိတ်အနီး၌ ကျော်ထွန်း(ခ)အိုက်ထွန်းမောင်း နှင်းလာပြီး စိုင်းလှကျော်လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုအခါယာဉ်ပေါ်မှ ဘိန်းဖြူဆပ်ပြာ ခွက် ၁၁၃၉ ခွက် (ဘိန်းဖြူအလေးချိန် ၁၂ ဒသမ ၅၂၉ ကီလို) နှင့်  စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား စစ်ဆေးချက်အရ ကွင်းဆက်အဖြစ် ကွမ်းလုံ-သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးပိုင်ရှင်များဖြစ်သည့် ရန်အယ်နှင့် ကူကျန်းလျှန်တို့အား ထပ်မံဖမ်းဆီးရမိ၍ ကျော်ထွန်း (ခ) အိုက်ထွန်း (၃၁ နှစ်)၊ စိုင်းလှကျော် (၄၉ နှစ်)၊ ရန်အယ်(၂၅နှစ်)နှင့် ကူကျန်းလျှန် (၂၅ နှစ်) တို့အား မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

၎င်းတို့ကို စစ်ဆေးချက်အရ ကွင်းဆက်အဖြစ် ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီကျော်တွင် တပ်မတော်သားများ၊ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှတပ်ဖွဲ့ဝင်များ၊ ကွတ်ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်းကျေးရွာနေ လောက်ယောင်း၏ နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း၊ နေအိမ်၌ လူတစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။

ထို့အခါ နေအိမ်အတွင်း ဆက်လက်ရှာ ဖွေရာစိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၁၀၀ အိတ်အတွင်းမှ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀၀ ပြား၊ အိုက်စ်များထည့်ထားသည့် ဆာလာအိတ် ၇၀ အိတ်အတွင်းမှ စုစုပေါင်းအိုက်စ် အလေးချိန်  ၁၇၅၀ ကီလို၊ ဘိန်းဖြူဘလောက်တုံးများထည့်ထားသည့် ဆာလာအိတ် ၂၀ အိတ်အတွင်းမှ စုစုပေါင်း ဘိန်းဖြူဘလောက် တုံး ၁၃၆၀ (ဘိန်းဖြူအလေးချိန် ၄၆၂ ဒသမ ၄ ကီလို)၊ ဘိန်းဖြူဆပ်ပြာခွက်များ ထည့်ထားသည့် ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၃၃၀၀ ခွက် (ဘိန်းဖြူ အလေးချိန် ၃၉ ဒသမ ၆ ကီလို) စုစုပေါင်း ဘိန်းဖြူအလေးချိန် ၅၀၂ ကီလိုနှင့် ကဖင်း ၂၀၀ ကီလို (စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုး ကျပ်သိန်းပေါင်း ၇၂၈၀၀၀ ကျော်) သိမ်းဆည်းရမိခဲ့သည်။

ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အုပ်စု၊ လွယ်ခန်းကျေးရွာနေ မူးယစ်ဆေးဝါးများ ပိုင်ရှင်လောက်ယောင်းအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။