ပုလောမြို့နယ် လက်ပံပြင်ကျေးရွာတွင် မောင်ဖြစ်သူ သေဆုံးခဲ့ရခြင်းအပေါ် မသင်္ကာသဖြင့် အစ်မဖြစ်သူက ရဲတပ်ဖွဲ့ထံ တိုင်ကြားရာမှ လူသတ်မှု ပေါ်ပေါက်

ပုလောမြို့နယ် လက်ပံပြင်ကျေးရွာတွင် မောင်ဖြစ်သူ သေဆုံးခဲ့ရခြင်းအပေါ် မသင်္ကာသဖြင့် အစ်မဖြစ်သူက ရဲတပ်ဖွဲ့ထံ တိုင်ကြားရာမှ လူသတ်မှု ပေါ်ပေါက်
Published 11 January 2018

မြှုပ်နှံထားသည့် အလောင်းအား ပြန်လည်ဖော်ယူနေစဉ်

ပုလောမြို့နယ် လက်ပံပြင်ကျေးရွာတွင် သေဆုံးခဲ့ရသည့် မောင်ဖြစ်သူ၏ ဖြစ်စဉ်အား အစ်မက မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ထံ အမှုဖွင့်ခဲ့ရာ တရားခံအား ဖမ်းဆီးရမိပြီး မြှုပ်နှံထားသည့် အလောင်းအား ပြန်လည်ဖော်ယူ စစ်ဆေးခဲ့ရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ဖော့ကျေးရွာတွင် နေထိုင်သော ဒေါ်ခင်အေး (၅၀ နှစ်)မှာ လက်ပံပြင်ကျေးရွာ ဥယျာဉ်ခြံတွင် တစ်ဦးတည်းနေထိုင်သော မောင်စောဘွဲ့မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သေဆုံးခဲ့ရကြောင်း သတင်းရရှိခဲ့သည်ဟု သိရသည်။ မောင်ဖြစ်သူ သေဆုံးသည့် သတင်းအရ လက်ပံပြင်ကျေးရွာသို့ ဒီဇင်ဘာ ၂၉ ရက်တွင် ရောက်ရှိလာသော်လည်း မောင်စောဘွဲ့၏ အလောင်းအား မတွေ့ရဘဲ မြေမြှုပ်လိုက်သည်ကိုသာ သိရှိခဲ့ရသည်။

စောဘွဲ့သေဆုံးစဉ်က နဖူး၊ ခြေထောက်နှင့် လက်များတွင် ပြတ်ရှဒဏ်ရာများ ရှိနေသည်ကို စုံစမ်းသိရှိခဲ့ရကြောင်း သိရသည်။ ဒေါ်ခင်အေးမှာ မောင်ဖြစ်သူ သေဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် မသင်္ကာမှုများဖြစ်လာသည့်အတွက် တရားခံအား စုံစမ်းဖော်ထုတ်ပေးပါရန် ပုလောမြို့မရဲစခန်းတွင် လာရောက် တိုင်ချက်ဖွင့်ခဲ့သဖြင့် (ပ)၂ / ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“၂၈ ရက်တုန်းက သေတဲ့သူကို တွေ့တယ်ဆိုပြီး သူ့ဝမ်းကွဲညီက တောထဲကနေ သယ်လာတယ်။ ရွာရောက်တော့ အသက်ထွက်သွားတယ်ဆိုပြီး အလောင်းကို မြေမြှုပ်လိုက်ကြတယ်။ အခု ဒီလူတွေကို မသင်္ကာလို့ ခေါ်ယူမေးမြန်းတော့ တင်အေးဆိုတဲ့သူက လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့တယ်။ အခုအလောင်းကို ၁၁ ရက်ကြာပြီး ဇန်နဝါရီ ၉ ရက်က ပြန်ဖော်စစ်ဆေးခဲ့ရတယ်။ သေသူရဲ့ညီ ဝမ်းကွဲတော်စပ်တဲ့သူက သတ်လိုက်တာပါ” ဟု ပုလောမြို့မရဲစခန်းမှ ဒုရဲမှူး အောင်မျိုးဝင်းက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း စုံစမ်းဖော်ထုတ်ချက်အရ တင်အေး (၃၈နှစ်)၊ စောဖိုးကိုင် (၃၅ နှစ်) နှင့်စောဘူတင် (၂၁ နှစ်) ဆိုသူတို့မှာ အလောင်းအား မြှုပ်နှံရာတွင် ပါဝင်ခဲ့ကြောင်း သိရှိခဲ့ရပြီး ခေါ်ယူစစ်ဆေးရာမှ အမှုမှန် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အသတ်ခံရသည့် စောဘွဲ့ (၄၃ နှစ်) မှာ ဥယျာဉ်အတွင်း တစ်ဦးတည်းနေထိုင်သူဖြစ်ကာ မလှမ်းမကမ်းရှိ တောင်ယာတဲမှ တင်အေး (ဝမ်းကွဲတော်စပ်သူ)နှင့် မြေယာကိစ္စ မပြေမလည်ဖြစ်ရာမှ အသတ်ခံရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ တင်အေးအား ဖမ်းဆီးထားပြီး အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent