မန်စီမြို့နယ်တွင် ဖမ်းမိထားသော သစ်များကို တပ်မတော်က သစ်တောဌာနသို့ စတင်အပ်နှံ

မန်စီမြို့နယ်တွင် ဖမ်းမိထားသော သစ်များကို တပ်မတော်က သစ်တောဌာနသို့ စတင်အပ်နှံ
Published 10 January 2018

မန်စီမြို့နယ်တွင် ဖမ်းမိထားသောသစ်များကို တပ်မတော်က သစ်တောဌာနသို့ စတင်အပ်နှံနေကြောင်း ကချင်ပြည်နယ် သစ်တောဦးစီးဌာနက ပြောကြားသည်။

မန်စီမြို့နယ်ရှိ မဒပ်ယန်ကျေးရွာနှင့် ချောင်းထောက်ကျေးရွာမှ ဖမ်းဆီးသစ်များဖြစ်ပြီး မန်စီမြို့ရှိ ခမရ ၃၁၉ တပ်ရင်းမှတစ်ဆင့် သစ်တောဌာနသို့ အပ်နှံနေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၂၀၁၈ ခုနှစ် ပထမပတ်အတွင်း တန်ပေါင်း ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် သစ်တောဌာန ညွှန်ကြားရေးမှူး ဦးအောင်မြက “တပ်မတော်က မန်စီနယ်က သစ်တွေအပ်တာ သုံးပိုင်းရှိတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လပိုင်းက အပ်တာက တစ်ခု၊ ၂၀၁၇ ဒီဇင်ဘာလကုန်ပိုင်းမှာ ဖမ်းမိတာက နှစ်နေရာပေါ့။ ချောင်းထောက်ကျေးရွာအနီးက တစ်နေရာ။ အဲဒါက ကျွန်းသားတန်ပေါင်း ၇၇ ဒသမ ၄၄၅ တန်ရှိတယ်။ လဆန်း ၆ ရက် နဲ့ ၇ ရက်တာ။ မဒပ်ယန်ကျေးရွာဘက်က ၂၊ ၃၊ ၄ ရက်နေ့တွေမှာ အပ်တာက ၅၅ ဒသမ ၉၀၈ တန်ပါ။ အားလုံးကို မန်စီအခြေစိုက် ခမရ ၃၁၉ ကိုသယ်ပြီး သစ်တောကို အပ်တာပါ။ တောထဲမှာ ဘယ်လောက်ကျန်သေးလဲ မသိရသေးဘူး” ဟု ပြောကြားသည်။

သစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်သူများက တပ်မတော်မှ ဖမ်းဆီးသည့်သစ်များသည် တန်ပေါင်း တစ်ထောင်ဝန်းကျင်ရှိနိုင်ပြီး တောလမ်းအတွင်း ပိတ်မိ၍ တပ်မတော်က မသိမ်းဆည်းနိုင်သေးသည့် သစ်များလည်း အများအပြားကျန်နေသေးကြောင်း သိရသည်။

သစ်မှောင်ခိုလုပ်ငန်းများသည်  တရုတ်နိုင်ငံသို့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ ၂၀၁၇ ခုနှစ်အထိ  ပွင့်လင်းရာသီအစပိုင်း မှစတင်ကာ မိုးကျသည်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ဒေသအနှံ့တွင် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

အစိုးရတပ်နှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့သည် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍  ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်  တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သစ်တန်ပေါင်းများစွာကိုလည်း ဖမ်းဆီးမိခဲ့သည်။

ယင်းသစ်များမှာလည်း ကသာခရိုင်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက်ဘက်မှ ရောက်ရှိလာသော ကျွန်းနှင့် တမလန်းသစ်များဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “လမ်းကြောင်းမှာ တိုက်ပွဲဖြစ်တာ တစ်လလောက်တောင် ရှိနေပြီ။ သစ်တွေသယ်တဲ့ အဓိက လမ်းမပေါ်မှာပေါ့။ သစ်လမ်းကြောင်းက ကချင်ထဲဝင်လိုက် ရှမ်းပြည်ထဲဝင်လိုက်ပါ။ သစ်မှောင်ခို ဖြစ်နေတာတော့ သိတယ်။ သယ်တော့ တပ်မတော်စိုးမိုး နယ်မြေတွေရော။ လက်နက်ကိုင်နယ်မြေတွေရော ဖြတ်ရတာပဲ။  လွန်ခဲ့တဲ့နှစ်ထက်စာရင် နည်းတယ်။ အခု အစိုးရ မထိန်းသိမ်းနိုင်တာက ကြားကာလဆိုတော့ သူ့လမ်းကြောင်းနဲ့သူ ဖြစ်နေတာ။ အဓိကကတော့ လက်နက်ကိုင်တွေ အားလုံးကြောင့်ပဲ။ ပြတ်ပြတ်သားသား လုပ်ရင်ထွက်လို့မရဘူး။ ဖမ်းတဲ့နေရာဖမ်း၊ လွတ်တဲ့နေရာ လွတ်နေတာလေ။ မူဆယ် ၁၀၅ မိုင်အောက်လမ်းကနေ တရုတ်ဘက်ကို ဝင်နေတာလည်း ကြားနေရပါတယ်” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ အလောင်းတော်ကဿဖ၊ မဟာမြိုင်၊ ပုံတောင်၊ ပုံညာဒေသရှိ ဂန့်ဂေါကြိုးဝိုင်းစသည့်ဒေသများမှ  သစ်များကို ပြင်ဦးလွင်နှင့် နောင်ချိုမြို့အနီးမှ တစ်ဆင့် ( ပြည်သူ့စစ်) အဖွဲ့အစည်းအမည်ခံ အချို့က တာဝန်ယူကာ ပို့ဆောင်မှုများ လုပ်နေကြောင်း သစ်မှောင်ခိုလုပ်ငန်းနှင့် နီးစပ်သူများက ဆိုသည်။