JICA က မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍခြောက်ခုကို ကျပ် ၁၄ ဘီလျံကျော်အထိ ချေးငွေထုတ်ချေးထားပြီး ကုန်သွယ်ရေးလုပ်ငန်းကဏ္ဍအတွက် စုစုပေါင်းချေးငွေပမာဏ၏ ထက်ဝက်ခန့် ထုတ်ချေးထား

JICA က မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍခြောက်ခုကို ကျပ် ၁၄ ဘီလျံကျော်အထိ ချေးငွေထုတ်ချေးထားပြီး ကုန်သွယ်ရေးလုပ်ငန်းကဏ္ဍအတွက် စုစုပေါင်းချေးငွေပမာဏ၏ ထက်ဝက်ခန့် ထုတ်ချေးထား
Published 27 December 2017

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း လက်ရှိလုပ်ဆောင်လျက်ရှိသည့် SMEs လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

မြန်မာနိုင်ငံတွင် JICA က လက်ရှိအချိန်အထိ လုပ်ငန်းကဏ္ဍပေါင်းခြောက်ခုကို ချေးငွေ ၁၄ ဘီလျံကျော် ထုတ်ချေးထားပြီး ကုန်သွယ်ရေးလုပ်ငန်းကဏ္ဍများအတွက် စုစုပေါင်း ချေးငွေပမာဏ၏ ထက်ဝက်ခန့်အထိ ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်မှုအသင်း ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်၊ စက်မှုဇုန်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ SME ကော်မတီ အစည်းအဝေးမှ သိရသည်။

JICA က လက်ရှိအချိန်အထိ ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစသည့် လုပ်ငန်းကဏ္ဍခြောက်ခုတွင် လုပ်ငန်းပေါင်း ၆၇ ခုကို ချေးငွေထုတ်ချေးထားခြင်း ဖြစ်သည်။

“ဘာလို့လဲဆိုတော့ ရှေ့မှာလည်း သူတို့ချေးပေးထားတဲ့ငွေ ၁၄ ဘီလျံလောက် ရှိပါတယ်။ အချို့ဟာတွေကို ပြန်ပြီး Reject လုပ်ထားတာတွေ ရှိပါတယ်” ဟု SMIDB ဘဏ်မှ CEO ဒေါက်တာ ဇေယျာညွန့်က ပြောကြားသည်။

ကုန်သွယ်ရေးကဏ္ဍတွင် လုပ်ငန်း ၃၁ ခုကို ကျပ် ၇ ဒသမ ၃ ဘီလျံကျော်ဖြင့် ၄၆ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်းပေါင်း ၂၀ ကို ကျပ်သုံးဘီလျံကျော်ဖြင့် ရာခိုင်နှုန်း ၃၀၊ ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ငန်းပေါင်းရှစ်ခုကို ကျပ်နှစ်ဘီလျံကျော်ဖြင့် ၁၂ ရာခိုင်နှုန်း၊ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် လုပ်ငန်းပေါင်းလေးခုကို ကျပ်သန်း ၇၀၀ နီးပါးခန့်ဖြင့် ခြောက်ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းပေါင်းသုံးခုကို ကျပ် ၉၈၂ သန်းကျော်ဖြင့် လေးရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လုပ်ငန်းတစ်ခုကို ကျပ်သန်း ၃၀ ဖြင့် နှစ်ရာခိုင်နှုန်း အသီးသီး ထုတ်ချေးထားကြောင်း သိရသည်။

JICA အနေဖြင့် ထပ်မံထုတ်ချေးပေးမည့် ချေးငွေများတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေး ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခု JICA ကတော့ စက်မှုလုပ်ငန်းထက် Production လုပ်ငန်းကို ဦးတည်ပေးပါဆိုပြီး ပြောပါတယ်။ ဒါကြောင့်မို့ Production ကို ဦးတည်ပြီးသွားပါ့မယ်” ဟု ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

SMEs ချေးငွေများ ထုတ်ချေးပေးနိုင်ရန်အတွက် JICA က လာမည့် ၂၀၁၈ ဖေဖော်ဝါရီတွင် SMIDB ဘဏ်သို့ ထပ်မံထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ SMIDB ဘဏ်မှ ၂၀၁၈ ခုနှစ် မတ်လအတွင်း ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။