ရိုက်တာ သတင်းဌာနမှ ဖမ်းဆီးခံ မြန်မာသတင်းထောက် နှစ်ဦး မိသားစုနှင့် အဆက်အသွယ်မရသေးဘဲ ရမန်ပြည့်မည့် ဒီဇင်ဘာ ၂၇ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း သိရ

ရိုက်တာ သတင်းဌာနမှ ဖမ်းဆီးခံ မြန်မာသတင်းထောက် နှစ်ဦး မိသားစုနှင့် အဆက်အသွယ်မရသေးဘဲ ရမန်ပြည့်မည့် ဒီဇင်ဘာ ၂၇ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း သိရ
Published 26 December 2017

ရိုက်တာ သတင်းဌာနမှ ဖမ်းဆီးခံရသည့်  မြန်မာသတင်းထောက် နှစ်ဦးနှင့် မိသားစု၊ ရှေ့နေတို့ ဒီဇင်ဘာ ၂၅ ရက်အထိ  အဆက်အသွယ် မရသေးဘဲ ချုပ်ရက်ရမန်  ဒီဇင်ဘာ ၂၇ ရက်တွင် ပြည့်မည်ဖြစ်ပြီး မိသားစုနှင့် တွေ့ခွင့်ရ မရ မသိသေးကြောင်း ကိုသက်ဦးမောင် (ခ) ဝလုံး ၏ ဇနီးမ ပန်းအိမွန်က ဒီဇင် ဘာ ၂၅ ရက်တွင် ပြောကြားသည်။

မြန်မာသတင်းထောက် နှစ်ဦးသည် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ချုပ်နှောင်ရန် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ရမန်ကြီးနှစ်ပတ် ယူထားကြောင်း သိရသည်။

ရိုက်တာ သတင်းဌာနမှ ဖမ်းဆီးခံ သတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံး၏ ဇနီး မပန်းအိမွန်က“အခုချိန်ထိ ဘာအဆက်သွယ်မှ မရသေးပါဘူး။ ဘယ်မှာထားမှန်းလဲ မသိဘူး။ ဘယ်နေ့ တွေ့ရမလဲဆိုတာလဲ မသိသေးဘူး။ ကျွန်မ ထောက်ကြန့်ရဲစခန်း သွားမေးကြည့်တော့ သူတို့ရမန်ပြည့်တာ ၂၇ ရက်လို့ ပြောတယ်။  မင်္ဂလာဒုံတရားရုံးလို့တော့ ပြောတယ်။ ဒါပေမဲ့ လူခေါ်လာပြီး ရမန်ယူမှာလား။ လူမခေါ်လာဘဲ  ရမန်ယူမှာလား ဆိုတာ ဘာတစ်ခုမှ သေချာ မသိရသေးပါဘူး” ဟု ပြောကြားသည်။

ဖမ်းဆီးခံထားရသော မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခ) ဝလုံးနှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်ကို မည်သည့်နေရာတွင် ထားရှိခြင်း၊ မည်သို့မည်ပုံ စစ်ဆေးနေသည်နှင့် ယင်းနှစ်ဦး၏ ကျန်းမာရေးအခြေအနေကို လည်းကောင်း၊  မိသားစုဝင်များထံသို့ အသိပေးခြင်း၊ တွေ့ဆုံခွင့်ပေးခြင်း၊ ရှေ့နေရှေ့ရပ်များနှင့် တွေ့ဆုံခွင့်ပေးခြင်းတို့ အလျဉ်းမရှိကြောင်းနှင့် ပတ်သက်၍ စုံစမ်းပေးရန်  မြန်မာဂျာနယ်လစ်ကွန်ရက်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သို့ ဒီဇင်ဘာ ၂၀ ရက်က စာပေးပို့ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဆိုပါ သတင်းထောက်နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်း ခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ မိသားစုဝင်များ၊ ရှေ့နေနှင့် တွေ့ဆုံခွင့် ရရှိရေးတို့ အပါအဝင် ၎င်းတို့ ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းကြောင်း ဒီဇင်ဘာ ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထောက်နှစ်ဦး၏ ဥပဒေ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က “ကျွန်တော်တို့ အခုချိန်အထိ ကာယကံရှင် စွပ်စွဲခံရသူတွေနဲ့ အဆက်အသွယ်မရသေးဘူး။ ထောက်ကြန့်စခန်းကို နှစ်ကြိမ်သွားတယ်။ ထောက်ကြန့်စခန်းမှာ မရှိဘူး။ သူတို့ကို ရန်ကုန်မြို့တစ်နေရာမှာ ချုပ်နှောင်ထားတယ်။ မိသားစုနဲ့ တွေ့ခွင့် မရသေးဘူး။ နေကောင်း ကျန်းမာတယ်လို့တော့ ပြောတာပဲ။  ပုံမှန်အတိုင်း ဆိုရင်တော့ ၂၇ ရက်မှာ ရမန်ပြည့်ပြီ။ (ထိုနေ့တွင် မင်္ဂလာဒုံတရားရုံး၌ ရုံးထုတ်မည်ဟု ယူဆ၍ ရသလားဟု မေးမြန်းရာ) အဲဒီလို့တော့ ယူဆလို့ရတယ်။ သို့ပေမဲ့ တခြားနေရာတွေလည်း ဖြစ်နိုင်တယ်” ဟု ပြောကြားသည်။

အဆိုပါ ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုမှာ ထောင်ဖမ်းခံရခြင်း ဖြစ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားထားသည်။

ရိုက်တာ သတင်းထောက်နှစ်ဦး၏ အမှုကို နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တရားရုံးသို့ အမှုစွဲဆို တင်ပို့ထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်ဟု 7 Day Daily တွင် ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအား မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါ ဥပဒေအရ အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။ ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအား အမြန်ဆုံးလွှတ်ပေးရန်အတွက် သတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ခုက တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံ သတင်းထောက် နှစ်ဦးနှင့် ပတ်သက်ပြီး အမည်းရောင်လှုပ်ရှားမှုကို သတင်းမီဒီယာသမားများက လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာကောင်စီ (MPC) က သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံ သတင်းထောက်များနှင့် ပတ်သက်ပြီး အချက်သုံးချက်ကို ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း ၎င်းတို့အား မည်သို့ စစ်ဆေးနေသည်၊  ၎င်းတို့၏ ကျန်းမာရေး၊ မိသားစုများ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်ပေးရေး စသည်တို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ စာပေးပို့ခဲ့ရာ ယင်းအချက်များနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် လုပ်ကိုင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ရာတွင် ၎င်းတို့အား ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ မိသားစုဝင်များ၊ ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိရေးတို့ အပါအဝင် ၎င်းတို့ ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်သည်ဟု တိုက်တွန်းအပ်ကြောင်း ဖော်ပြထားသည်။