အပြောင်းအလဲများသည် ရပ်ဆိုင်းနေခြင်းမဟုတ်ဘဲ ပြည်သူလူထု မျှော်လင့်ထားသလောက် ဖြစ်မလာခြင်းဖြစ်ကြောင်း NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

အပြောင်းအလဲများသည် ရပ်ဆိုင်းနေခြင်းမဟုတ်ဘဲ ပြည်သူလူထု မျှော်လင့်ထားသလောက် ဖြစ်မလာခြင်းဖြစ်ကြောင်း NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 24 December 2017

အပြောင်းအလဲများသည် ရပ်ဆိုင်းနေခြင်းမဟုတ်ဘဲ ပြည်သူလူထုများ မျှော်လင့်ထားသလောက် ဖြစ်မလာခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ဒီဇင်ဘာ ၂၃ ရက်က DVB သတင်းဌာနက “မြန်မာ့ဒီမိုကရေစီအပြောင်းအလဲ မြန်သလား၊ နှေးသလား” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် Debate ဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ပြောင်းလဲသွားသည်မှာ ဥပဒေပြုရေးမဏ္ဍိုင်အနေအထားဖြင့်ဆိုပါက အခြေခံအားဖြင့် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ၏ လှုပ်ရှားနိုင်မှုဖြင့် လုပ်သာကိုင်သာဖြစ်မှုများ ပိုမိုအခွင့်အလမ်းသာလာကြောင်း၊ ထို့ပြင် အစိုးရအပါအဝင် အခြားမဖြစ်သင့်ကိစ္စများကိုလည်း ယခင်ထက် ပိုမိုပွင့်ပွင့်လင်းလင်း ပြော၍ရလာကြောင်း ဦးအောင်ကြည်ညွန့်က ဆိုသည်။

“အပြောင်းအလဲတွေက လုံးဝမဖြစ်ဘဲနဲ့ ရပ်ဆိုင်းနေတာတော့မဟုတ်ဘူး။ ပြောင်းလဲနေတယ်။ ဒါမို့လို့ ပြောင်းလဲနေတယ်ဆိုတာက အားရဖွယ်ရာကောင်းလောက်တဲ့ အနေအထားမျိုးမရှိဘူး။ ဒီထက်ပိုပြီးတော့ တိတိကျကျပြောရရင် ပြည်သူလူထုတွေ မျှော်လင့်သလောက်တော့ မဖြစ်ခဲ့ဘူး။ ပြဿနာက အဲဒါပဲ။ ဆိုလိုချင်တာက ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေနဲ့ ဆောင်ရွက်ပေးနိုင်မယ့် ဖော်ဆောင်ပေးနိုင်မယ့် ပကတိအခြေအနေနှစ်ခုကြားထဲက အဟကပြဿနာပဲ။ မျှော်လင့်ချက်တွေကကြီးတယ်။ ဆောင်ရွက်ပေးမှုတွေက ကွာနေမယ်ဆိုရင် အဲဒီနှစ်ခုရဲ့ကြားထဲက ဒါဟာပြဿနာပဲ။ အဲဒီတော့ ကျွန်တော်တို့လုပ်ရမှာ တစ်ခုပဲရှိတယ်။ မျှော်လင့်ချက်ကြီးနေတဲ့ တကယ့်ပြည်သူလူထုဟာ တကယ်တော့ ပြည်သူလူထုမျှော်လင့်တာလည်း မျှော်လင့်ဖို့ရာကို ဘဝပေးအခြေအနေက တောင်းဆိုနေတယ်။ အဲဒီလိုဆိုရင် ဘယ်လောက်အတိုင်းအတာအထိ မျှော်လင့်နိုင်လဲ။ ဘာတွေဟာ မျှော်လင့်သလောက်မဖြစ်ဘူးဆိုတာ ပြည်သူလူထုကို တကယ်သိအောင် လုပ်ပေးဖို့ရာလည်းပဲ လိုအပ်တယ်။ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းပြောပေးဖို့လိုတယ်။ အဲဒီမှာ မီဒီယာရဲ့အခန်းကဏ္ဍက အရေးကြီးတယ်။ အဲဒီလိုပဲအစိုးရပိုင်းကလည်းပဲ စွမ်းဆောင်နိုင်တဲ့အနေအထားမျိုးက ဒီထက် ဒီထက်ပိုပြီး စွမ်းဆောင်နိုင်အောင်မြှင့်တင်ပေးရမယ်” ဟု ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

၁၉၈၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အပြောင်းအလဲဖြစ်ခဲ့သည့် နိုင်ငံ ၃၀ ကို သုတေသနပြုထားသည့် ကမ္ဘာ့ဘဏ်စစ်တမ်းတစ်ခုအရ အဆိုပါနိုင်ငံ ၃၀ အနက် စံချိန်မီလူတိုင်း လက်ခံနိုင်လောက်သည့် အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည့် အမြန်ဆုံး နိုင်ငံ ၂၀ ရွေးထုတ်ရာတွင် ဗျူရိုကရက်တစ်အရည်အသွေး စံချိန်စံညွှန်း အားလုံးလက်ခံနိုင်သည့် အတိုင်းအတာရောက်ရန် ပျမ်းမျှကြာချိန်သည် နှစ် ၂၀ ကြာပြီး အမြန်ဆုံးသည် ၁၂ နှစ်ကြာကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ အကြောင်းကြောင်းကြောင့် နိုင်ငံရေးထဲတွင်ပါဝင်နေသည့် တပ်မတော်ကို မူလနေရာပြန်ပို့ခဲ့သည့် ပျမ်းမျှကြာချိန်သည် ၁၇ နှစ်ရှိပြီး အမြန်ဆုံးသည် ၁၀ နှစ်ကြာကြောင်း၊ အစိုးရ၏စွမ်းဆောင်ရည်သည် အမြန်ဆုံးနိုင်ငံများတွင် ပျမ်းမျှကြာချိန်သည် ၃၆ နှစ်ကြာပြီးအမြန်ဆုံးသည် ၁၃ နှစ်ကြာကြောင်း၊ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးသည် ပျမ်းမျှကြာချိန် ၂၇ နှစ်ကြာပြီး အမြန်ဆုံး ၁၆ နှစ်ကြာကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် ပျမ်းမျှကြာချိန် ၄၁ နှစ်ကြာပြီး အမြန်ဆုံး ၁၇ နှစ်ကြာကြောင်း စာရေးဆရာဦးကျော်ဝင်းက ဆွေးနွေးပွဲတွင်ပြောကြားသည်။

“အဲဒီစံချိန်စံညွှန်းနဲ့ ကြည့်လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့အပြောင်းအလဲဟာ မြန်တယ်လို့လည်းပြောမရဘူး။ နှေးတယ်လို့လည်း ပြောမရဘူး။ သဘာဝကျကျပုံမှန်လို့ပဲ ထင်တယ်” ဟု ဆရာဦးကျော်ဝင်းက ပြောကြားသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ယေဘုယျအဆင့်ခြောက်ဆင့် သတ်မှတ်ကြကြောင်း၊ ဒီမိုကရေစီမရှိခြင်း၊ အနိမ့်ဆုံးဒီမိုကရေစီကာလ (ရွေးကောက်ပွဲရှိသည် တရားမျှတမှုရှိချင်မှရှိမည်)၊ ကျင့်ထုံးဆိုင်ရာ အနိမ့်ဆုံး ဒီမိုကရေစီကာလ (နိုင်ငံသားများမူလ အခွင့်အရေးများပြန်ဖော်ခြင်း၊ မီဒီယာဥပဒေ၊ ငြိမ်းစုစီဥပဒေ စသည်ဖြင့်)၊ ပိုမိုကျယ်ပြန့်သည့် ဒီမိုကရေစီကာလ (တရားမျှတသည့် ရွေးကောက်ပွဲအဆင့်၊ ၂၀၁၅ တွင် NLD သောင်ပြိုကမ်းပြိုနိုင်ခဲ့သည့်အခြေအနေ)၊ ခိုင်မာရင့်ကျက်သော စက်မှုနိုင်ငံများ၏ ဒီမိုကရေစီကာလနှင့် အမြင့်ဆုံးဒီမိုကရေစီကာလများဖြစ်ကြောင်း စာရေးဆရာဦးကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် တတိယအဆင့်ဖြစ်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ ပြန်လည်ဖော်ထုတ်သည့် ကျင့်ထုံးဆိုင်ရာ အနိမ့်ဆုံးဒီမိုကရေစီအဆင့်တွင် အတော်အတန် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ယခု NLD အစိုးရလက်ထက်တွင် ကျင့်ထုံးဆိုင်ရာ အနိမ့်ဆုံးဒီမိုကရေစီအဆင့်အား ယခင်သမ္မတ ဦးသိန်းစိန်အစိုးရထက် ပိုမိုအားကောင်းရမည်ဖြစ်သော်လည်း လက်တွေ့တွင် သိပ်အားမကောင်းလှကြောင်း ၎င်းကပြောကြားသည်။

“အဲဒီအပေါ်မှာ တချို့မကျေမနပ်ဖြစ်နိုင်တာတွေရှိတယ်။ ဒါကတစ်ဆင့်ပေါ့။ နောက်တစ်ဆင့်ကူးရာမှာကျတော့ Establish Industrial Democracy ဆိုတာ ခိုင်မာရင့်ကျက်ပြီးသား စက်မှုနိုင်ငံများ၏ပေါ်လစီ အဲဒါဖြစ်ဖို့ စီးပွားရေးကအရေးကြီးတယ်။ စီးပွားရေး Pick Up လုပ်နိုင်မှတစ်ဆင့်တက်နိုင်မှာ။ ဒါပေမဲ့ အဲဒါကအကြောင်းကြောင်းကြောင့် အခုထိမတက်နိုင်သေးဘူး။ တစ်ဖက်ကလည်းရှိနေတဲ့ အနေအထားကနောက်ကို နည်းနည်းလေးပြန်ရောက်နေတယ်။ အဆင့်သုံးမှာ ကျွန်တော်တို့ရှိတယ်။ ဒါကြောင့် ချုံ့ပြောလိုက်မယ်ဆိုရင် အခုရောက်နေတဲ့အဆင့်လေးက ရှေ့မတိုးနောက်မဆုတ်နဲ့ နည်းနည်းအီနေတယ်လို့ဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီငါးအဆင့်ကျော်ပြီးမှ Establish Industrial Democracy ကျော်ပြီးမှ နောက်ဆုံး အမြင့်ဆုံးဒီမိုကရေစီကိုရောက်မှ ကျွန်တော်တို့ ကြိုးတော့ကြိုးစားရဦးမယ်” ဟု စာရေးဆရာဦးကျော်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ပြည်သူလူထု စားဝတ်နေရေးပြေလည်ရေးကိစ္စသည် အားလုံးသက်ဆိုင်သော်လည်း တိုက်ရိုက်မဟုတ်ဘဲ အစိုးရတွင်တာဝန်အရှိဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးက ပြောကြားသည်။

“ကျွန်တော်မြင်တာကတော့ဗျာ။ အစိုးရတစ်ရပ်ဖြစ်လာပြီဆိုရင် အားလုံးနဲ့သက်ဆိုင်တယ်လို့ပြောလို့။ ဆိုင်လည်းဆိုင်ပါတယ်။ တိုက်ရိုက်တော့မဟုတ်ဘူးဗျ။ အစိုးရမှာ တာဝန်အရှိဆုံးဖြစ်တယ်လို့မြင်ပါတယ်။ လက်ရှိပြည်သူလူထု ကြုံတွေ့နေရတဲ့စားဝတ်နေရေး အကျပ်အတည်းတွေဟာ ကျွန်တော်တို့မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံရေးရဲ့အဓိကအကျဆုံးအချက် မဖြေရှင်းနိုင်တာနဲ့အတူတူပါပဲ။ လက်ရှိက အရပ်သားအစိုးရဦးဆောင်တဲ့ကာလမှာ လူထုရဲ့မျှော်လင့်ချက်လည်းကြီးပါတယ်။ အဲဒီတော့ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွက် အစိုးရအနေနဲ့ ကြံစည်စေချင်ပါတယ်။ လွှတ်တော်တွေကလည်း ကြံစည်စေချင်ပါတယ်” ဟု ဦးမြအေးက ပြောကြားသည်။

ထို့အတူ NLD ၏ရွေးကောက်ပွဲကာလ လူထုအားကတိပေးထားသော ကြွေးကြော်သံများဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ မည်မျှခရီးရောက်သည်ကိုသုံးသပ်ကာ ရှေ့ဆက်သွားရန်လိုကြောင်းလည်း ဦးမြအေးက ပြောကြားသည်။