ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်
Published 23 December 2017

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသည့် မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၂၂ ရက်က ဆက်လက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါရုံးထုတ်တွင် တရားသူကြီး အစည်းအဝေးရှိသဖြင့် အမှုအားမစစ်ဆေးဖြစ်ခဲ့ဘဲ ရုံးချိန်းကို ဒီဇင်ဘာ ၂၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်း အပိုင်း (၂) အကောင်အထည်ဖော်နေသည့် မြေယာကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းဆိုသူက ငွေကြေးများလာဘ်ယူခဲ့သည်ဟုဆိုကာ ဇွန် ၂ ရက်က တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဟစ်တိုင်အနီးတွင် မိုက်ကယ်ကျော်မြင့်က သတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော အကြောင်းအရာများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အများပြည်သူ၏ အကြည်ညိုပျက်စေရန်၊ ထိတ်လန့်ကြောက်ရွံ့စေရန်အကြံဖြင့် မမှန်မကန်ကော လာဟလဖြန့်ဝေပြီး ပြည်သူလူထုမှ အစိုးရအဖွဲ့အပေါ် ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကို မဟုတ်မမှန် လုပ်ကြံကောလာဟလ ဖြန့်ဝေသည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက အောက်တိုဘာ ၂၃ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်း၏ ဦးတိုက်လျှောက်ထားမှုနှင့်ပတ်သက်ပြီး တာမွေတရားမြို့နယ် တရားသူကြီးက ရာကြီးအမှတ် ၇၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် လက်ခံခဲ့ကာ မိုက်ကယ်ကျော်မြင့်အား ခံဝန်မဲ့ဖြင့် ဖမ်းဝရမ်းထုတ်ဆင့်ပေးခဲ့သဖြင့် မိုက်ကယ်ကျော်မြင့်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent