<

မန္တလေးခရိုင် ဆီစက်ပိုင်များအသင်းက ထိုင်ဝမ်နည်းပညာဖြင့် မြေပဲ ၁၀ ဧကကျော် စမ်းသပ်စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းပါက တောင်သူများအား နည်းပညာ ပြန်လည်ဖြန့်ဝေမည်

မန္တလေးတစ်ဖက်ကမ်းရှိ ရှမ်းလေးကျွန်းရွာမှ မြေပဲစိုက်ခင်းတစ်ခင်းကို တွေ့ရစဉ် (ဓာတ်ပုံ- မင်းလတ်)

မန္တလေးခရိုင် ဆီစက်ပိုင်များအသင်းမှ  ရှမ်းလေးကျွန်းစံပြကျေးရွာတွင် ထိုင်ဝမ် နည်းပညာဖြင့် မြေပဲ ၁၀ ဧကကျော် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ မြေပဲစိုက် တောင်သူများ စိုက်ပျိုးလျက်ရှိသည့် မိရိုးဖလာ နည်းစနစ်ပုံစံအတိုင်းမဟုတ်ဘဲ ထိုင်ဝမ်နည်းပညာဖြစ်သည့် ပေါင်စနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စမ်းသပ်စိုက်ပျိုးရာတွင် လတ်တလော မြန်မာနိုင်ငံတွင် နာမည်ကြီးနေသည့် မြင်းမူမျိုးကို စမ်းသပ်စိုက်ပျိုးထားကြောင်း၊ မြင်းမူမျိုးမှာ ဆီကြိတ်ရာတွင်ကောင်းသည့်အပြင် ထွက်ရှိလာသည့်ဆီမှာလည်း ကောင်းမွန်ကြောင်း၊ ဆီမကြိတ်ဘဲ လုံးဆန်အလိုက် နိုင်ငံခြား တင်ပို့ရောင်းချရင်လည်း အရောင်းအ၀ယ်ဖြစ်ထွန်းကြောင်း၊ ယင်းမျိုးကို သွင်ကျယ်လာအောင် စမ်းသပ်စိုက်ပျိုးကြည့်သည့် သဘောဖြစ်ကြောင်း  မန္တလေးခရိုင်ဆီစက်ပိုင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က ပြောကြားသည်။

“လယ်ထွန်စက်တွေနဲ့ ထွန်တယ်။ မထွန်နိုင်တဲ့သူက နွားတွေနဲ့ ထွန်တယ်။ အဲလိုထွန်ပြီးမှ မျိုးဥကို အစေ့လိုက်ချကျတာပေါ့။ ကျွန်တော်တို့ စိုက်တာကတော့ လယ်ကို အရင်ထွန်လိုက်တယ်။ ထွန်ပြီးပြီဆိုမှ ပေါင်တင်တဲ့ စက်တွေနဲ့ ပေါင်တင်လိုက်တယ်။ ပြီးမှ အစေ့ချတဲ့စက်ကလေးနဲ့လိုက်ပြီး အစေ့ချပြီး စိုက်တယ်။ အဲဒီခါမှာတော့ ကျွန်တော်တို့နဲ့ တောင်သူကွာဟချက်ကတော့ ကျွန်တော်တို့က မျိုးဥကို သေချာစနစ်တကျ ရွေးချယ်တယ်။ ပစ္စည်းပယ်ရမှာ မကြောက်ဘူး။ တစ်စေ့စိုက်ရင် တစ်ပင်ပေါက်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ အကောင်းဆုံးဆိုတဲ့မျိုးကိုရွေးပြီးမှ စိုက်ပါတယ်။ ပြီးခဲ့တဲ့ အနေအထားလိုက်ကြည့်တဲ့ အခါမှာတော့  လောလောဆယ်မှာတော့ ရာခိုင်နှုန်း ၉၀၊ ၉၅ ရာခိုင်းနှုန်းလောက် အပင်ပေါက်တာ သေချာတယ်။ အထွက်နှုန်းကောင်းဖို့နဲ့ ရလာမယ့်မျိုးက မျိုးကောင်း မျိုးသန့်ဖြစ်ဖို့ပဲ ဦးတည်တာ နောင်တစ်ချိန်မှာ အားလုံးကောင်းဖို့ ရည်ရွယ်ချက်နဲ့ပါပဲ” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မြေပဲစိုက်ဧက အများအပြားရှိသော်လည်း ထွက်သင့်သည့်သီးနှံမှာ ထွက်နှုန်းလျော့နည်းကြောင်း၊ ဆီစက်များ ကျရှုံးမှုသည် မြေပဲစိုက်ဧကများ လျော့နည်းသွားခြင်း၊ မြေပဲထွက်နှုန်းနည်းခြင်း စသည့်တို့ တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟုခံယူကြောင်း၊ ယင်းကြောင့် မန္တလေးခရိုင် ဆီစက်ပိုင်များ အသင်းအနေဖြင့် မြေပဲအထွက်နှုန်းတိုးမြင့်လာစေရန်အတွက်  ထိုင်းနိုင်ငံ နည်းပညာဖြစ်သည့် ပေါင်တင်ပြီးစိုက်ပျိုးသည့်စနစ်ကို ကျင့်သုံး၍ ကျင့်သုံးလျက်ရှိကြောင်း၊ ထိုင်ဝမ်နည်းပညာဖြင့် စိုက်ပျိုးနည်းစနစ် အောင်မြင်ဖြစ်ထွန်းပါက မြေပဲစိုက်တောင်သူများကို နည်းပညာများ၊ စိုက်ပျိုးနည်းနည်းစနစ်များ ဝေငှသွားမည့်အပြင် မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များကိုလည်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း  မန္တလေးခရိုင် ဆီစက်ပိုင်များအသင်းမှ သိရသည်။

“နိုင်ငံခြားမျိုးတွေကို ဘာလို့မစိုက်တာလဲဆိုတော့ အသင်းမှာလည်း ခေတ်မီတဲ့ နည်းပညာတွေ မရှိသေးဘူး။ မရှိသေးတဲ့အခါမှာ ထိုင်ဝမ်ကနေ စိုက်ပျိုးရေးနည်းပညာကိုသယ်လာတဲ့ကလေးဆီက အကြံဥာဏ် ယူလိုက်တဲ့အခါမှာ ကျွန်တော်တို့ မြန်မာပြည်ထဲမှာ လက်ရှိစိုက်ပျိုးပြီး အောင်မြင်နေတဲ့မျိုးကိုပဲ အခြေခံပြီးတော့မှ မြန်မာပြည်ထဲမှာစမ်းပြီး အထွက်တိုးအောင် အရင်စိုက်မယ်။ အဲလို ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ဒီမှာအထွက်တိုးအောင် စိုက်တာပေါ့။ အချိန်တန်ရင်တော့ ဘယ်လောက်ထွက်တယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်ပေးပါမယ်။ ပုံမှန်ကတော့  တစ်ဧကကို တောင်သူခေါ်အရ တစ်ဧကကို တင်း ၄၀၊ ၄၅ ပဲ ထွက်တယ်။ မြင်းမူကို ဘာလို့ ရွေးရသလဲဆိုရင် မြင်းမူက ဆီကြိတ်ရင်လည်း ကောင်းတယ်။ ထွက်လာရင် ဆီလည်းကောင်းတယ်။ တကယ်လို့ ဆီမကြိတ်ဖြစ်ရင်လည်း နိုင်ငံခြားတင်ပို့ရင်လည်း ၀ယ်ယူတဲ့နိုင်ငံက အလုအယက် ၀ယ်ယူတဲ့ပစ္စည်းလည်းဖြစ်တယ်။ အဲဒါကြောင့်  ဒီမျိုးလေးကို  တွင်ကျယ် အောင် စမ်းသပ်စိုက်ပျိုးကြည့်တဲ့ သဘောပါ။ အောင်မြင်ခဲ့ရင် တောင်သူတွေကို အသင်းအနေနဲ့ စိုက်ပျိုးပုံနည်းစနစ်တွေ စာအုပ်နဲ့ ဖြန့်ဝေပေးမယ်။ မျိုးတွေကိုလည်း  ပြန်ပြီးတော့ ကောင်းအောင် စနစ်တကျ ထုတ်မယ်။ ထုတ်ပြီးတော့မှ ပြန်ပြီးတော့ ဖြန့်ဝေပေးဖို့ ရည်ရွယ်ချက်ပါပဲ” ဟု  မန္တလေးခရိုင် ဆီစက်ပိုင်များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က ပြောကြားသည်။

ယင်းထိုင်ဝမ်နည်းစနစ်များဖြင့် မြန်မာနိုင်ငံ ဆီစက်ပိုင်များအသင်းမှ အောင်လံမြို့တွင် မြေပဲဧက ၃၀၊ စစ်ကိုင်းတိုင်းဒေသကြီး တွင်   ၁၀  ဧကတို့ကို စိုက်ပျိုးလျက်ရှိကြောင်း နှင့် မန္တလေးခရိုင် ဆီစက်ပိုင်များ အသင်းအနေ ဖြင့်လည်း လက်ရှိတွင် မန္တလေးမြို့၊ ရှမ်းလေးကျွန်း စံပြကျေးရွာတွက် မြေပဲဧက ၁၀ ဧက ကို ထိုင်ဝမ်နည်းစနစ်များဖြင့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း မန္တလေးခရိုင် ဆီစက်ပိုင်များအသင်းမှ သိရသည်။

 

December 16, 2017














Copy Protected by Chetan's WP-Copyprotect.