ရွှေပြည်သာမြို့နယ်တွင် မွေးကင်းစကလေးငယ်တစ်ဦးအား ရေမြောင်းအတွင်း လာရောက်စွန့်ပစ်မှုဖြစ်ပွား

ရွှေပြည်သာမြို့နယ်တွင် မွေးကင်းစကလေးငယ်တစ်ဦးအား ရေမြောင်းအတွင်း လာရောက်စွန့်ပစ်မှုဖြစ်ပွား
Published 17 December 2017

ရန်ကန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ချက်ကြိုးမကျက်သေးသည့် မွေးကင်းစကလေးငယ်တစ်ဦးအား ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းက လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၄ ရပ်ကွက် ဇီးကုန်းကျေးရွာ ဇီးကုန်းရွှေမြို့တော်ဝင် ဘုန်းကြီးကျောင်း၏ သီတာရာမအဘယလာဘမုနိမုခ်ဦးဝရှိ ရေမြောင်းအတွင်းတွင် မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ခံထားရကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက သွားရောက်စစ်ဆေးကာ ကယ်ဆယ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့စစ်ဆေးရာက လေးငယ်မှာ မိန်းကလေးဖြစ်ပြီး ၎င်းမှာ ချက်ကြိုးမကျက်သေးသည့် ကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ရှိခဲ့သည့် မွေးကင်းစကလေးငယ်အား သစ္စာပါရမီကရုဏာဖောင်ဒေးရှင်းကျောင်းမှ ဆရာတော်ဦးသြဘာသက ခေါ်ယူမွေးစားမည်ဟုပြောဆိုသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စာချုပ်စာတမ်းများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဆရာတော်က မွေးကင်းစကလေးငယ်အား YGW မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းသို့ ပို့ဆောင်ကာ ပြုစုသွားမည်ဖြစ်ကြောင်းသိရပြီး လက်ရှိတွင် ကလေးငယ်အား ပြုစုစောင့်ရှောက်ထားလျက်ရှိကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။