ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်အား ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် နေပြည်တော် သပြေကုန်းတွင် ထားရှိရန် စီစဉ်ထား

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်အား ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် နေပြည်တော် သပြေကုန်းတွင် ထားရှိရန် စီစဉ်ထား
Published 4 December 2017

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်အား ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော် သပြေကုန်းတွင် ထားရှိနိုင်ရန် စီစဉ်နေကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနာယက ဦးဝင်းထိန်က ဒီဇင်ဘာ ၃ ရက်တွင် မီဒီယာများအား ပြောကြားသည်။

ဦးဝင်းထိန်က “အနည်းဆုံး ၁၀ လ လောက်ကြာမယ်။ တွက်ကြည့်တာပေါ့။ အခု ၁၂ လပိုင်းဆိုတော့ နောက်နှစ် အောက်တိုဘာ ဆိုပြီးမယ်ပေါ့။ ရန်ပုံငွေက သိန်း ၁၅၀၀ လောက်သုံးမယ်။ အမြင့် ၁၈ ပေ၊ မြင်းစီးကြေးရုပ်။ ရန်ပုံငွေကတော့ ကတိပေးထားတာတော့ သိန်း ၂၅၀ လောက်တော့ ရနေပြီ။ သို့သော်လည်းပဲ ဖြတ်ပိုင်းနဲ့အလှူခံမှာတွေရှိတယ်။ ပြည်သူအများပါတယ်ဆိုတဲ့ သဘောပါအောင်လို့။ တစ်ဦးချင်း စပွန်ဆာတွေကတော့ ပေါ်တော့ ပေါ်လာမှာပါ။ ပန်းပုပညာရှင်က ပြည်က အရုပ်ကိုထုတဲ့ ပန်းပုဆရာကြီး ဦးမြင့်ဆန်း။ ဗိုလ်ချုပ်ရုပ်တွေ များတယ်ဆိုတာကတော့ ဘယ်လိုခေါ်မလဲ။ Psychology နဲ့ ဆိုင်သွားပြီ။ တစ်ချိန်တုန်းက ဗိုလ်ချုပ်ပုံတွေကို ဖြုတ်ဖို့ဖြစ်လာတဲ့ အချိန်တုန်းက လူတွေက မခံမရပ်နိုင်ဖြစ်တယ်။ အခု ပွင့်လာပြီဆိုတော့ ဖြုတ်တာနဲ့ ကာမိအောင်လုပ်တယ်ကွာဆိုပြီး ဖြစ်လာတာ။ ဒါတွေက ဘယ်တတ်နိုင်မလဲ။ လူတွေရဲ့ခံစားချက်ပဲလို့ ပြောရမှာပေါ့။

အများဆုံးက ၁၅ ပေတွေ ပဲများတော့ လောလောဆယ်တော့ အမြင့်ဆုံး ကြေးရုပ်ဖြစ်လာမှာပေါ့”  ဟု သတင်းထောက်များအား ပြောကြားသည်။

ဦးဝင်းထိန်က“ဒီကော်မတီမှာ အဓိက အရေးကြီးတာက ပြန်ကြားရေး။ ပြန်ကြားရေးက မြင်းစီးရုပ်လုပ်မယ့်အကြောင်းကို ပုံမှန်မီဒီယာတွေကို ထုတ်ပြန်ပေးဖို့လိုတယ်။ ဒီဇိုင်းအတည်ပြုတဲ့အချိန်မျိုး၊ နောက်ပြီး လုပ်ငန်းစတဲ့အချိန်မျိုး။ နောက်တစ်ချက်ကတော့ ဘဏ္ဍာရေး၊ ဘဏ္ဍာရေးက အားလုံးသိတဲ့ အတိုင်းပဲ ရှင်းရှင်းလင်းဖြစ်မှ” ဟု ပြောကြားသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က “နေပြည်တော်ရဲ့ ဒါမျက်နှာစာလေ။ နောက်တစ်ခုက နိုင်ငံရေးစကားနဲ့ပြောမယ်ဆိုရင် ပြည်သူတွေမျှော်နေတဲ့ ဗိုလ်ချုပ် အသွင်အပြင်လက္ခဏာ ဒီမှာရောက်လာပြီဆို တာ ပြသဖို့ ဒါအားလုံးက သမိုင်းဝင်ဖို့လိုတယ်။ ယုံကြည်ပါတယ်။ စေတနာရော၊ လုပ်အားရော အပြည့်အ၀ ပါမယ်ဆိုတာ”  ဟု ပြောကြားသည်။