ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဒေသအနှံ့တွင် လေးရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဒေသအနှံ့တွင် လေးရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်
Published 23 November 2017

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့တွင် လေးရက်ခန့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

“ကပ္ပလီပင်လယ်ပြင်က လေဖိအားနည်းရပ်ဝန်းက အားကောင်းလာနိုင်တယ်။ အားကောင်းလာနိုင်တယ်ဆိုတော့ စောင့်ကြည့်နိုင်တယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ပဲခူး၊ ရှမ်း၊ ရခိုင်၊ ကယားတို့မှာ နေရာကျဲကျဲကနေ နေရာအနှံ့အပြားမိုးရွာနိုင်တယ်။ ရန်ကုန်နဲ့ ဧရာဝတီမှာ နေရာကွက် မိုးကြီးနိုင်တယ်။ နေပြည်တော်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ နေရာကျဲကျဲလောက် မိုးရွာနိုင်တယ်။ လက်ရှိ သင်္ချာပုံစံတွက်ချက်မှုအရ နောက်-အနောက်မြောက်ကို ဦးတည်နေတယ်။ ဘင်္ဂလားပင်လယ်အော်ဘက်ကို ရွေ့သွားနိုင်တယ်။ မုန်တိုင်းဖြစ်နိုင်တဲ့ အခြေအနေကိုတော့ စောင့်ကြည့်ရမယ့် အနေအထားပေါ့။ အိန္ဒိယ မိုးလေဝသဌာနကတော့ နောက်နှစ်ရက်လောက်ဆိုရင် မုန်တိုင်းငယ်ရောက် နိုင်တယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးဇလ၏ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာ ၂၂ ရက် မှ ၂၅ ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၃ ရက် မိုးရွာသွန်းနိုင်မှု အခြေအနေသည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ပင်လယ်ပြင်အခြေအနေသည် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊  အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ် ရေပြင် / မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည် ဖြစ်ကြောင်း၊ လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ရှစ်ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လေးပေမှ ခြောက်ပေခန့်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် နောက်နှစ်ရက်အတွက် ခန့်မှန်း ချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း) တို့တွင် မိုးဆက်လက်ထစ်ချုန်း ရွာမည်ဖြစ်ကြောင်း သိရသည်။