ကလေးမြို့နယ် မြစ်သာမြစ်ကမ်းနံဘေးရှိ ပြင်သာကျေးရွာတွင် ကမ်းပါးပြိုမှုများဖြစ်ပေါ်နေပြီး နေအိမ်အချို့ ပြောင်းရွှေ့နေရ

ကလေးမြို့နယ် မြစ်သာမြစ်ကမ်းနံဘေးရှိ ပြင်သာကျေးရွာတွင် ကမ်းပါးပြိုမှုများဖြစ်ပေါ်နေပြီး နေအိမ်အချို့ ပြောင်းရွှေ့နေရ
Published 23 November 2017

ကလေးမြို့နယ် မြစ်သာမြစ် ကမ်းဘေးရှိ ပြင်သာကျေးရွာတွင် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ ကမ်းပါးပြိုမှုများ စတင်ဖြစ်ပေါ်လျက်ရှိပြီး နေအိမ်အချို့ဖျက်၍ ပြောင်းရွှေ့နေကြရသည်ဟု သိရသည် ။

“ကမ်းပါးကတော့ ဒီကနေ့ မနက်စောကပပ်ကြားလေး အက်ရုံလေး အက်နေတာ။ အခုညနေမှာတော့ တစ်အိမ်က အိကျသွားတဲ့ အနေအထားဖြစ်သွားတယ်။ နောက်ထပ်လည်း တစ်အိမ်ဖျက်ပြီးပြီ။ ဖျက်လိုက်ရတဲ့ အိမ်ရှင်တွေကတစ်ဦးက သူရဲ့ဒေါ်လေးအိမ်နဲ့ တစ်ဦးက သူ့ရဲ့မိဘအိမ်မှာ သွားနေပါတယ်။ အခုပြိုနေတဲ့ နေရာကနေ နောက်ကျောဘက်က အက်နေတာတွေရှိတော့ နောက်ဆိုရင်ဆက်လက်ပြိုမယ့် သဘောရှိတယ်။ အခုဆိုရင် မြို့နယ်အဆင့်ကို တင်ပြထားပါတယ်။ သက်ဆိုင်ရာအချို့က လာကြည့်နေပါတယ်။ အခုလိုကမ်းပါးပြိုတာကို သက်ဆိုင်ရာတွေက လာကြည့်ပြီး ကောင်းအောင်လုပ်ပေးရင်ကမ်းပါးတွေ ဆက်ပြီးမပြိုအောင်ပေါ့။ လုပ်ပေးရင်ပိုကောင်းပါတယ်” ဟု ပြင်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဦးက ပြောကြားသည် ။

အဆိုပါ ကမ်းပါးပြိုမှုကြောင့် အိမ်နှစ်လုံး လောလောဆယ် ဒေသခံအိမ်ရှင်များ ကိုယ်တိုင်ဖျက်သိမ်းနေကြရပြီး အက်ကြောင်းများ လိုက်နေခြင်းကြောင့် တခြားအိမ်များများလည်း ကမ်းပါးပြိုမှုကြောင့် မြေနိမ့်ကျကာ အိမ်များဖျက်ရမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည် ။

“ပထမမြေနိမ့်ကျသွားတဲ့ တင်နိုင်ဦး အိမ်ကတော့ နံနက် ၉ နာရီက စဖျက်တာ။ အခုကိုတင်မောင်ဆွေအိမ်က လွန်ခဲ့တဲ့ တစ်နာရီ ( ညနေ ၄နာရီက) စဖျက်တာပါ။ အခုနေရာဆိုရင် ဖျက်နေတဲ့အိမ်ရဲ့အတောင် ၂၀ လောက်မှာ ဖျက်နေတဲ့အိမ်နဲ့ တည့်တည့်နေရာကို အက်ကြောင်းတွေ လိုက်နေပါတယ်။ အခုဖျက်နေတဲ့ အိမ်ရဲ့လမ်းရဲ့ မြောက်ဘက်မှာ စက်တင်ဘာ ၁၉ ရက်တုန်းက ရေတိုးလို့ တစ်အိမ်ဖျက်တယ်။ အခုဟာ ဒီဟာကျသွားတာဆို မွန်းလွဲ ၂ နာရီကနေ နိမ့်ကျတဲ့ဟာပါ။ ကျွန်တော်တို့အနေနဲ့ အရင်က တောင်အူ - ပြင်သာသွားတဲ့ လမ်းဘေးမှာ ကျန်တဲ့အိမ်တွေလည်း လေး၊ ငါးလုံးလောက် ရှိနေတယ်။ အဲဒီနေရာမှာ အိမ်နှစ်လုံး သုံးလုံးလောက်ရှိသေးတယ်။ အဲဒီနေရာတွေကို အိမ်ပြိုတဲ့သူတွေကို ချထားပေးရင် ကောင်းမယ်။ ပြိုသွားမယ့် အိမ်ရဲ့လမ်းထိပ်မှာလည်း နေရာတွေ ရှိတယ်။ အဲဒီလို နေရာတွေ ချထားပေးလိုက်ရင် မြေပြိုမယ့်သူတွေ နေဖို့ထိုင်ဖို့ အဆင်ပြေသွားမှာပါ” ဟု ပြင်သာကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

Most Read

Most Recent