ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်ရန်လိုလားကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်မှုအပေါ် လက်ရှိတွင် အကြမ်းဖက်မှုများရှိသည်ဟု မကြားမိကြောင်းနှင့် မဖြစ်ပေါ်လာရန် ထိန်းသိမ်းသွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်ရန်လိုလားကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်မှုအပေါ် လက်ရှိတွင် အကြမ်းဖက်မှုများရှိသည်ဟု မကြားမိကြောင်းနှင့် မဖြစ်ပေါ်လာရန် ထိန်းသိမ်းသွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 22 November 2017

နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သည့် (၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ အမြန်ဆုံးအဆုံးသတ်ရန် လိုလားကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်မှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိတွင် အကြမ်းဖက်မှုများရှိသည်ဟု မကြားမိကြောင်းနှင့် မဖြစ်ပေါ်လာရန် ထိန်းသိမ်းသွားမည်ဟု ပြောကြားသည်။

နိုဝင်ဘာ၂၁ ရက်က ပြုလုပ်သည့် (၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဥရောပသမဂ္ဂ၏ နိုဝင်ဘာ ၂၀ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်မှုနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာဘက်ကတော့ အကြမ်းဖက်မှုတွေမရှိအောင် ကျွန်မတို့အားလုံးက ထိန်းပေးထားရမှာပေါ့။ အခု လောလောဆယ်မှာတော့ အကြမ်းဖက်မှုတွေရှိတယ်လို့ မကြားမိပါဘူး။ ဒါပေမဲ့လည်း မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရပါဘူး။ မဖြစ်နိုင်အောင်ထိန်းသိမ်းဖို့ဆိုတာကတော့ နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံခြားရေးနှင့် လုံခြုံရေးရာမူဝါဒဆိုင်ရာ ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်နှင့် ဥရောပကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Federica Mogherini သည် နေပြည်တော်တွင် ကျင်းပသည့် (၁၃) ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEM) ကို  ဥရောပသံကိုယ် စားလှယ်အဖွဲ့အား ဦးဆောင်၍ တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသတင်းထုတ်ပြန်မှုတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးအခြေအနေများသည် စိုးရိမ်စရာ အခြေအနေရှိနေဆဲဖြစ်ပြီး ဥရောပသမဂ္ဂအနေဖြင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ အမြန်ဆုံးအဆုံးသတ်ရန် လိုလားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဥပဒေ ပြင်ပလုပ်ဆောင်မှုများနှင့် အရပ်သားများအပေါ် ပြစ်မှုကျူးလွန်မှုများကို ဖော်ထုတ်ပေးရန် ထည့်သွင်းတောင်းဆိုခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာမှ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများက ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့ကူညီမှုများ ပြုလုပ်နိုင်ရန်နှင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများအား ၎င်းတို့၏ မူလနေရပ်များဆီသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး ဆောင်ရွက်ပေးရန်လည်း ယင်းထုတ်ပြန်မှုတွင် တိုက်တွန်းထားသည်။

ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်၊ ဥရောပကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Federica Mogherini ကလည်း အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်များအရေးနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ပူးပေါင်းလုပ်ဆောင်မှုများအောင်မြင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာလက်မှတ်  ရေးထိုးနိုင်ရန်သည် ဒုက္ခသည်ပြဿနာများကို ဖြေရှင်းရန် အရေးကြီးသည့် ပထမအဆင့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြောကြားသည်။