အစိုးရကို ဆန္ဒပြသည့် မန္တလေးမြို့ အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၁၀) ကြိမ်မြောက် ရုံးထုတ်

အစိုးရကို ဆန္ဒပြသည့် မန္တလေးမြို့ အမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၁၀) ကြိမ်မြောက် ရုံးထုတ်
Published 9 November 2017

အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြသည့် မန္တလေးအမျိုးသားသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား နိုဝင်ဘာ ၈  ရက် (၁၀) ကြိမ်မြောက်ရုံးထုတ်တွင် တွေ့ရစဉ်

အစိုးရအား ကန့်ကွက်ဆန္ဒပြသည့် မန္တလေး အမျိုးသားရေးသပိတ် ဦးဆောင်သံဃာနှင့် လူပုဂ္ဂိုလ်များအား  (၁၀) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည့် နိုဝင်ဘာ ၈ ရက်ရုံးချိန်းတွင် ထောင်အတွင်း၌ ဘာသာရေး ဖိနှိပ်မှုများ ခံနေရကြောင်း သံဃာတော်များက မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။

“ဒီကနေ့ရုံးချိန်းမှာ ကိုကျော်မျိုးရွှေကို စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။ သူ့အနေနဲ့ အာမခံ လျှောက်ထားမှုကို ခရိုင်တရားရုံးက ပယ်ချလိုက်တဲ့အတွက် မြို့နယ်တရားရုံးကို အမှုတွဲ ပြန်ရောက်လာပြီဖြစ်လို့ စတင်စစ်ဆေးခြင်း ဖြစ်ပါတယ်။ သံဃာတော်တွေကို စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ တရားလို သက်သေတစ်ဦးကိုပဲ စစ်ဆေးနိုင်ပါတယ်။ နောက်ထပ်တစ်ဦးကို စစ်ဆေးပြီးရင်တော့ တရားလို သက်သေအားလုံး စစ်ဆေးပြီးသွားမှာ ဖြစ်ပါတယ်” ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး ပြန်ကြားရေး အရာရှိ တွဲဖက်မြို့နယ် တရားသူကြီး ဦးကျော်စွာလင်းက မီဒီယာများအား ရှင်းလင်းပြောကြားသည်။

ထို့ပြင် သံဃာတော်များကလည်း ထောင်အတွင်း ဘာသာရေးဖိနှိပ်မှု ခံနေရခြင်းနှင့် ပတ်သက်ပြီးလည်း “ထောင်တွင်းမှာ ဘာသာရေးဖိနှိပ်မှုတွေ ခံနေရပါတယ်။ ဘာသာခြားတွေအတွက် သီးသန့်ဝတ်ပြုဖို့ အခန်းထားရှိပေမယ့် ဦးဇင်းတို့ ဗုဒ္ဓဘာသာတွေအတွက် အခန်းမရှိဘူး။ နောက်ပြီး ကထိန်ရာသီမှာ အဆောင်တိုင်း၊ အဆောင်တိုင်း ပဒေသာပင် စိတ်ကြိုက် စီခွင့်ရတယ်။ ဦးဇင်းတို့အမျိုးသား သံဃာတော်တွေ တစ်ပါး ကျပ် ၅၀၀၀၀ လှူဒါန်းပါတယ်။ ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါးကို ရည်မှန်းတဲ့အတွက် ကိုးခြောက်ကိုးဆိုပြီး ပဒေသာပင် လှူလိုက်ပါတယ်။ အဲဒါကို ဘာသာရေး ပြဿနာ ဖြစ်မှာစိုးလို့ဆိုပြီး အဆောင်မှူးက ပဒေသာပင်ကို တစ်စစီ ဖြုတ်ချလိုက်ပါတယ်။ ဘာသာပေါင်းစုံပွဲမှာ ကိုးခြောက်ကိုး တံဆိပ်တပ်လို့ ဘာသာရေးဆူပူမှု ဖြစ်တယ်လို့ပြောရင် လက်ခံတယ်။ အခုဟာက ဗုဒ္ဓဘာသာ ကထိန်ပွဲမှာ လုပ်တာကို လက်မခံဘူးဆိုတာ တမင်ဘာသာရေး ဖိနှိပ်တာပါ” ဟု ဦးအဂ္ဂဓဇက မိန့်ကြားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် ဘုရားကြီး အနောက်ဘက်မုခ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ် ၅ ရက် နံနက်၂ နာရီ ၁၅ မိနစ်ခန့်က တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီး နှစ်ဦးအား ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ခြောက်ပါးအား သြဂုတ် ၉ ရက်တွင် စတင်ရုံးထုတ် စစ်ဆေးခဲ့သည်။

သပိတ်စခန်း ဦးဆောင်သံဃာရှစ်ပါး (နှစ်ဦးမှာ ဖမ်းမိခြင်းမရှိသေး) အား ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုပြုလုပ် စွဲဆိုထားသလို ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးကိုလည်း  မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အသီးသီးစွဲဆိုထားခြင်းဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ် စခန်းဖြိုခွဲချိန်က ဖမ်းဆီးခံရကာ လူဝတ်လဲ ပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့် ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသ အတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂ၊ ချမ်း သာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည် ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင်အမှတ် ၉/ ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲ ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ဝါ၊ သာသနာဝင် အမှတ် ၉/ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့် အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင် ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာ သနာဝင်အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီး မြို့နယ်)နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂ၊ ငါးဆူ ကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံ မြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန် မာရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အ မှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခ ကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ဝါ၊ သာသနာဝင် အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဓမ္မ သုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့ နယ်၊ မန္တလေးမြို့) တို့ဖြစ်ကြောင်း သိရသည်။