ရန်ကုန်တိုင်းဒေသေကြီးဝန်ကြီးချုပ်ကို ဆန္ဒမထုတ်ဖော်မီ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ဖမ်းဆီးခံရသည့် မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူ

ရန်ကုန်တိုင်းဒေသေကြီးဝန်ကြီးချုပ်ကို ဆန္ဒမထုတ်ဖော်မီ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ဖမ်းဆီးခံရသည့် မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူ
Published 24 October 2017

■ ဓာတ်ပုံ-ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသေကြီး ဝန်ကြီးချုပ်ကို ဆန္ဒမထုတ်ဖော်မီ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ဖမ်းဆီးခံရသည့် မိုက်ကယ်ကျော်မြင့်အား တာမွေမြို့နယ်တရားရုံး တွင် အောက်တိုဘာ ၂၄ ရက် (ယနေ့) နံနက် ၉နာရီခွဲခန့်တွင် ရုံးထုတ်ရမန်ယူခဲ့ပြီး နောက်ရုံးချိန်းအား နိုဝင်ဘာ ၁ ရက်သို့ပြန်လည်ချိန်းဆိုခဲ့ကာ မိုက်ကယ်ကျော်မြင့်အား အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်သည် ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် ပတ်သတ်သည့် အကြောင်းအရာများအား အောက်တိုဘာ ၂၄ ရက်တွင် တာမွေဟစ်တိုင်၌ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားပြီး ဆန္ဒထုတ်ဖော်ပွဲ မပြုလုပ်မီ အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီခန့်တွင် တာမွေမြို့မ ရဲစခန်းက ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်ကို ဇွန်လ ၂ ရက်နေ့က တာမွေဟစ်တိုင်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြည်ညိုပြတ်စေယောင် မဟုတ်မမှန် ကောလဟလ ဖြန့်ဝေပြီး ပြည်သူလူထုမှ အစိုးရအဖွဲ့အပေါ် ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကို မဟုတ်မမှန် လုပ်ကြံ၍ ကောလဟလ ဖြန့်ဝေခဲ့သည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက အောက်တိုဘာ ၂၃ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ယင်းတရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။