လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်သည့် ကျောင်းဆောင်များကို အရည်အသွေးမီ မမီ ထဲထဲဝင်ဝင် စောင့်ကြပ်ကြည့်ရှုလေ့လာရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်သည့် ကျောင်းဆောင်များကို အရည်အသွေးမီ မမီ ထဲထဲဝင်ဝင် စောင့်ကြပ်ကြည့်ရှုလေ့လာရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 22 October 2017

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် Parliamentary Oversight သဘောတရားအရ နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်သည့် ကျောင်းဆောင်များကို အရည်အသွေးမီ မမီ ထဲထဲဝင်ဝင် စောင့်ကြပ်ကြည့်ရှုလေ့လာရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မှာကြားသည်။

နေပြည်တော်တွင် အောက်တိုဘာ ၂၀ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လဟယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်၏ ကျောင်းဆောင်များနှင့် ပတ်သက်သည့် မေးခွန်းအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားမှုအပြီးတွင် ဦးဝင်းမြင့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကိုယ်စားလှယ်တွေအနေနဲ့ အဲဒီလို ဝန်ကြီးဌာနကနေပြီးတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ တစ်နည်းအားဖြင့် ပြည်ထောင်စုလွှတ်တော်က ခန့်ခွဲလိုက်တဲ့ ဘတ်ဂျက်နဲ့ ကျောင်းဆောင်တွေကို ဆောက်လုပ်တဲ့အခါမှာ အရည်အသွေးမီ မမီ ကိုယ်စားလှယ်တွေ စောင့်ကြည့်ပေးကြပါ။ သစ်က အမျိုးအစားမှန်သလား။ ဘိလပ်မြေကော စံချိန်စံညွှန်းမီသလား၊ သွပ်ကရော အရည်အသွေးကောင်းသလား ဒီလိုလေးတွေလည်း အာရုံစိုက်ပြီးလေ့လာပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က နိုင်ငံတော်ဘတ်ဂျက်ကို ချပေးလိုက်တယ်။ တချို့နယ်တွေမှာ အားလုံးတွေ့ကြုံမှာပါ။ နှစ်နှစ်၊ သုံးနှစ်နဲ့ ပျက်သွားတယ်။ ပြန်ပြီးတော့ တစ်ခါထပ်ချပေးရပြန်ရော။ သဲထဲရေသွန်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်စားလှယ်တွေအနေနဲ့ Parliamentary Oversight ဆိုတဲ့ သဘောတရားအရ ဒါမျိုးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် စောင့်ကြပ်ကြည့်ရှုလေ့လာဖို့လည်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်က “လဟယ်မြို့နယ်ရှိ ကားရော်အိုဒေါက်၊ တွေးထွေနောက်ကျော့၊ တွေးထွေနောက်အင်း၊ ဆပ္ပလော်ရွာမ၊ လန်းတိုင်း နောက်အင်း၊ ခါးလယ်၊ စံတုံနှင့်အံ့ပေါ်ရွာများရှိ လက်ရှိကျောင်းဆောင်များအား ဆောလျင်စွာ အဆင့်မြှင့်တင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းကို ပညာရေးဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ကျောင်းရှစ်ကျောင်းနှင့် ပတ်သက်၍ ကားရော်အိုဒေါက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲ၊ တွေးထွေနောက်အင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲ၊ ဆပ္ပလော်ရွာမကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲ၊ လန်းတိုင်းနောက်အင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ခါးလယ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ အံ့ပေါ်ကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းတို့တွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်တွင် ဦးစားပေး ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိ စံတုံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းကို ပြုပြင်ရန်လိုအပ်သည့်အတွက် ယခုဘဏ္ဍာနှစ်၌ သာမန်အသုံးစရိတ်ရန်ပုံငွေအောက်မှ စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်ဘတ်ဂျက်ဖြင့် ချပေးထားပြီး ဆောက်လုပ်သည့် ကျောင်းဆောင်များမှာ အချို့နယ်များတွင် နှစ်နှစ်၊ သုံးနှစ်ဖြင့် ပျက်သွားခြင်းများရှိကြောင်း၊ ထို့ကြောင့် ထပ်မံဘတ်ဂျက်ထပ်ချပေးရကြောင်း၊ သဲထဲရေသွန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

 

Most Read

Most Recent