ဘာသာရေးအကြောင်းပြ၍ အမျိုးသမီးငယ်များအား ပန်းဦးလွှတ်မှု ပြုလုပ်နေသူကို ပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ပြောကြား

ဘာသာရေးအကြောင်းပြ၍ အမျိုးသမီးငယ်များအား ပန်းဦးလွှတ်မှု ပြုလုပ်နေသူကို ပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ပြောကြား
Published 20 October 2017

မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာနယ်မြေတွင် ဘာသာရေးအကြောင်းပြ၍ အမျိုးသမီးငယ်များအား ပန်းဦးလွှတ်မှုပြုလုပ်နေသူကို ပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ သေချာပေါက် အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက်က ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးသည် အစည်းအဝေး အပြီးတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယခုအချိန်မှသာ သိရှိရခြင်းဖြစ်ပြီး တိုင်ကြားစာများလည်း ရောက်ရှိခြင်းမရှိသေးကြောင်း၊ သို့ရာတွင် မွန်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကာ အရေးယူသွားမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

“ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးဌာန ပူးပေါင်းပြီးတော့ ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သေချာပေါက် အရေးယူ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

အလံတစ်ရာဆရာတော်ကြီးအား ပအိုဝ်းတိုင်းရင်းသားများက ဘုရားတစ်ဆူကဲ့သို့ပင် ယုံကြည်ကိုးကွယ်ခဲ့ကြပြီး မိမိနှင့်လည်း ၁၉၈၉၊ ၁၉၉၀ ခုနှစ်ဝန်းကျင်က ဆရာတော်နှင့်အတူ သာသနာပြုခဲ့ဖူးကြောင်း၊ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် သထုံမြို့နယ် အလံတစ်ရာဒေသတွင် အလံတစ်ရာ ဆရာတော်ဝင်စားသည်ဟုဆိုသည့် ကိုရင်တစ်ပါး ရောက်လာခဲ့သည်ဟု သတင်းကြားရကြောင်း၊ အဆိုပါကိုရင်သည် ဆရာတော် သီတင်းသုံးခဲ့သည့်နေရာ၊ အသုံးအဆောင် ပစ္စည်းများမှအစ အကုန်လုံး အမှန်အတိုင်း ပြန်လည်ပြောပြနိုင်သည်ဟု ဆိုသည့်အတွက်ကြောင့် ရွာသူရွာသားအများစုသည် ဆရာတော်ဝင်စားသည်ဟု အကြွင်းမဲ့ ယုံကြည်ကြကြောင်း သူရဦးအောင်ကိုက ဆိုသည်။

“အဲဒီယုံကြည်မှု၊ ရိုးသားမှုကို လူမှုရေးအရ ချိုးဖောက်အမြတ်ထုတ်တာဖြစ်တယ်လို့ ဒါခန့်မှန်းလို့ရတယ်၊ သုံးသပ်လို့ရပါတယ်။ ဒါကို အမြန်ဆုံး အမှုဖွင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု သူရဦးအောင်ကိုက ပြောကြားသည်။

ထိုသို့ အလံတစ်ရာနယ်မြေတွင် ဘာသာရေးအကြောင်းပြ၍ အမျိုးသမီးငယ်များအား ပန်းဦးလွှတ်မှု ပြုလုပ်နေသည်မှာ လေးငါးနှစ်ခန့်ကပင် ဖြစ်ပွားနေသော်လည်း ၎င်း၏နောက်တွင် အင်အားအများအပြားရှိနေပြီး တစ်ခါတရံ သင်္ကန်းဝတ်ဖြင့်နေထိုင်ပြီး တစ်ခါတရံတွင် သာမန်လူအဖြစ်ဖြင့် နေထိုင်ကြောင်း သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောကြားသည်။

“သူက အလံတစ်ရာဆရာတော်ကြီး ဝင်စားတယ်ဆိုပြီး ရောက်လာတယ်။ အဲဒီမှာလည်း သူက တချို့ကိစ္စတွေပြောနိုင်တာ ရှိတယ်။ ဒါပေမဲ့ ကျွန်မအမြင်ကတော့ ပအိုဝ်းတိုင်းရင်းသားတွေက ရိုးသားကြတယ်။ သူတို့ ရင်ထဲမှာ အလံတစ်ရာ ဆရာတော်ကြီးကို ကြည်ညိုတဲ့အစွဲဟာ တော်တော်ကြီးကိုရှိတယ်။ သူပြောသမျှကို အလံတစ်ရာဆရာတော်ကြီး ပြောတယ်လို့ပဲ မှတ်ယူနေကြတယ်။ အဓိကဇစ်မြစ်က အဲဒါပဲ။ တကယ်လို့သာ ဆရာတော်ကြီးဝင်စားတယ်ဆိုရင် ဆရာတော်ကြီးဟာ သူတော်ကောင်းဖြစ်တဲ့အတွက် ဒီလိုမျိုး ကာမေသုမိစ္ဆာရကံ ကျူးလွန်မှာမဟုတ်ဘူး။ မသိတော့ဘူးပေါ့။ အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိတော့ဘူးဖြစ်သွားတာ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောကြားသည်။

ထိုသို့ဖြစ်စဉ်များနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက “ဒီကိစ္စက ဒီခေတ်မှာ မရှိသင့်တော့ဘူး။ ဖြစ်လည်းမဖြစ်သင့်တော့ဘူး။ မကြားဝံ့မနာသာပဲ” ဟု ပြောကြားသည်။

ခွန်တန်ကို လွန်ခဲ့သည့်နှစ်လက တိုင်ကြားမှုကြောင့် ဥပဒေချုပ်၏ အကြံပေးချက်ဖြင့် ကက်ဘိနက်မှ ဖမ်းဆီးရန် စီစဉ်နေခိုက် မွေးရပ်ရှမ်းပြည်သို့ ထွက်ပြေးသွားရာ ဆက်သွယ် အရေးယူရန်ရှိကြောင်း၊ စော်ကားခံရသည့် မိန်းကလေးမိဘများ၏ တိုင်ကြားမှုကို လွှတ်တော်ကကြားနာ၍ တစ်ဆင့်ချင်း အရေးယူမှု လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အရေးယူမှုကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာနယ်မြေတွင် ဘာသာရေးမှိုင်းတိုက်၍ ပန်းဦးလွှတ်မှုကို ကျူးလွန်သူကို မိဘအချို့၏တိုင်ကြားမှုကြောင့် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီမှ နိုဝင်ဘာ ၆ ရက်တွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း၊ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ (သထုံမြို့နယ် အမှတ်-၁ မဲဆန္ဒနယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားသည်။

“ထိခိုက်နစ်နာတဲ့ မိန်းကလေးတွေရဲ့ တိုင်တာကို နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီမှာ ကြားနာမှာဖြစ်ပါတယ်။ တိုင်စာတက်ထားပါတယ်၊ ဖခင်တွေကလည်း တိုင်ထားပါတယ်။ ကိုးယောက်ပါ။ ကြားနာတွေ့ရှိချက်ကို အစိုးရအဖွဲ့ကို Report ပေးလိုက်မှာပါ။ အဲဒီအတိုင်း အစိုးရအဖွဲ့က ဆောင်ရွက်မှာပါ။ ဝန်ကြီးချုပ်လည်း ပြောလိုက်ပြီ။ မွန်ပြည်နယ်အစိုးရကရော ပြည်ထောင်စုသာသနာရေးကပါ ထိထိရောက် ကိုင်တွယ်ပါ့မယ်လို့ Agreement ရထားပါတယ်။ ကျွန်မတို့ အလံတစ်ရာနယ်မြေကြီးဟာ တကယ့်ကို သန့်ရှင်းပြီးတော့ အရင်လိုပဲ စည်စည်ကားကားနဲ့ ကျက်သရေ ရှိရှိပြန်ဖြစ်လာမယ်ဆိုတာ မြင်မိပါတယ်။ ဒီလိုဟာမျိုးတွေ ကျွန်မတို့နယ်မြေမှာထပ်ပြီး ဘယ်သူမှမလုပ်ရဲတော့မယ်ဟာမျိုး ဖြစ်လာမှာပါ” ဟု မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးရေးရာနှင့် ကလေးသူငယ်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

ခွန်တန် (ခေါ်) ဇာတ်လိုက်သည် သံဃာ မဟုတ်ကြောင်း၊ ဘာသာရေးမှိုင်းတိုက်ပြီး ပန်းဦးလွှတ်မှုကို ကျူးလွန်နေရာ နစ်နာသည့် မိန်းကလေး၏မိဘများက လွှတ်တော်သို့ တိုင်ကြားထား၍ စစ်မေးကွင်းဆင်းတွေ့ရှိချက်ကို အစိုးရအဖွဲ့သို့ပေးပို့ကာ ဥပဒေအရ အရေးယူသွားရန်ရှိကြောင်း ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ပြောကြားသည်။