UN အနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် မျှတမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲနှင့် တွေ့ဆုံစဉ် ပြောကြား

UN အနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် မျှတမှုရှိရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲနှင့် တွေ့ဆုံစဉ် ပြောကြား
Published 17 October 2017

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

UN အနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် မျှတမှုရှိရန်လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ Under Secretary-General Mr.Jeffrey Feltman အား အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး UN နှင့် ပူးပေါင်းဆောင်ရွက်မှုများစွာ ရှိသကဲ့သို့ လေးစားမှုလည်းရှိကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ ခံစားချက်ရှိခဲ့သည့် သမိုင်းကြောင်းကို ပြန်မကြည့်ဘဲ လတ်တလောဖြစ်ပွားမှု အခြေအနေပေါ်တွင် မူတည်၍ ကုလသမဂ္ဂကမှတ်ချက်ပြုရာတွင် လက်ရှိအခြေအနေနှင့် ပြောင်းပြန်ဖြစ်နေသောကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မကျေနပ်ကြကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ သမိုင်းအချက်အလက် ပြည့်စုံစွာသိရှိမှသာ ဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့်ပတ်သက်၍ ဒေသခံ တိုင်းရင်းသားများ၏ စိတ်ခံစားချက်မှာ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဘင်္ဂါလီများက ဒေသလူဦးရေ၏ ၉၅ ရခိုင်နှုန်းဖြစ်၍ ဒေသခံတိုင်းရင်းသားများက လူဦးရေ၏ ငါးရာခိုင်နှုန်းသာရှိပြီး လူများစုဘင်္ဂါလီများက လူနည်းစုတိုင်းရင်းသားများကို သတ်ဖြတ်နေရာတွင် UN အပါအဝင် ပြည်ပအဖွဲ့အစည်းများ အကူအညီဖြင့် အနိုင်ကျင့်လုပ်ဆောင်သည်ဟု ခံယူထားကြောင်း၊ ၎င်းအပြင် ဘင်္ဂါလီ အကြမ်းဖက်စခန်းများ၌ ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် ပြည်ပမှ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းများကို တွေ့ရှိရမှုအပေါ်တွင်လည်း တိုင်းရင်းသားများက သံသယဖြစ်ကြကြောင်း၊ ထို့ကြောင့် UN အဖွဲ့အစည်းများ INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများနှင့်ပတ်သက်၍ မလိုလားခြင်း၊ ငြင်းဆန်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ UN အနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် မျှတမှုရှိရန်လိုအပ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ ရဲကင်းများ အတိုက်ခံရမှုများ၊ လက်ရှိတွင် မောင်တောဒေသခံများကို ခြိမ်းခြောက်ပြောဆိုမှုများရှိသဖြင့် ဒေသခံများမှာ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေရာ တပ်မတော်က လုံခြုံရေးရယူပေးခြင်းများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲတို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။