ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေးလှုပ်ရှားမှု လားရှိုးမြို့တွင် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ ပူးပေါင်းပြုလုပ်

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေးလှုပ်ရှားမှု လားရှိုးမြို့တွင် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ ပူးပေါင်းပြုလုပ်
Published 13 October 2017

ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေး လှုပ်ရှားမှုအဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့  နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့ရှိ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ ပူးပေါင်းကာ ဆိုင်ကယ်ဦးထုပ် ကိုယ်စီဆောင်း၍ လားရှိုးမြို့ပတ်ကာ ဆိုင်ကယ်စီးနင်း အသိပေးခဲ့ကြကြောင်း သိရသည်။

အသိပညာပေးလှုပ်ရှားမှုတွင် လားရှိုးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေကြသော တအာင်း လူငယ်များနှင့် လားရှိုးမြို့ပေါ်ရှိ ရှမ်းယဉ်ကျေးမှုအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့၊ ဝ’ ယဉ်ကျေးမှုအဖွဲ့၊ လားဟူယဉ်ကျေးမှုအဖွဲ့၊ ကချင်ယဉ်ကျေးမှုအဖွဲ့၊ တအာင်းပလောင် ယဉ်ကျေးမှုအဖွဲ့များမှ လူငယ်များနှင့် တာဝန်ရှိသူများလိုက်ပါ အသိပညာပေးခဲ့ကြကြောင်း သိရသည်။

“လားရှိုးမြို့အတွက် လူထုအသိပညာပေး လှုပ်ရှားမှုတွေလုပ်ဖို့ စိတ်ထဲရှိတာတော့ကြာပြီပေါ့။ ဘယ်လိုလှုပ်ရှားမှုတွေ လုပ်သင့်သလဲဆိုတာ စဉ်းစားတာတော့ကြာပြီ။ လှှုပ်ရှားမှုတစ်ခုလုပ်တယ် ဆိုတာက လူအင်အားလည်းလိုတယ်။ လူအင်အားလိုတဲ့ အခါမှာ မကြာခင်စတင်တော့မယ့် မန္တလေး အဝေးသင် တက္ကသိုလ်၊ လားရှိုးဌာနခွဲ ကျောင်းသား၊ ကျောင်းသူတွေ ရောက်လာတဲ့အချိန် သူတို့ရဲ့အင်အားကို ယူပြီးတော့မှ လားရှိုးမြို့မှာ ကျွန်တော်တို့ လုပ်ချင်တဲ့ လူထုအသိပညာပေးလေးကို လားရှိုးတက္ကသိုလ်မှာ လာရောက်ကြတဲ့ တအာင်လူငယ်ကျောင်းသူ ကျောင်းသားတွေကို စုပြီးတော့ လုပ်ဖြစ်တာပါ။ ကျွန်တော်တို့ လားရှိုးမြို့မှာ အမှိုက်ကောက် သန့်ရှင်းရေးရယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လှုပ်ရှားမှုတွေ လုပ်ကြမယ် ဆိုပြီးတော့ လုပ်ကြတာပါ။ ကျောင်းသား၊ ကျောင်းသူတွေကလည်း တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ကြတာပါ။” ဟု ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေး လှုပ်ရှားမှုအား ဦးစီးဆောင်ရွက်ခဲ့သူ လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးသန့်ထွန်းက ပြောသည်။

လားရှိုးမြို့ရှိ တအာင်းပရဟိတအဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ဆေးရုံးကြီးနှင့် လမ်းမတော်လမ်းနှင့် သိန္နီလမ်းတစ်လျှောက်တွင်  စုပေါင်းအမှိုက်ကောက်ခြင်းများလည်း ပြုလုပ်ခဲ့ပြီး နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၂၀) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဆိုင်ကယ်ဦးထုပ်များ ကိုယ်စီဆောင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုအား ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေး လှုပ်ရှားမှုတွင် ဆိုင်ကယ်အစီးပေါင်း (၁၅၀) ခန့်နှင့် လူဦးရေပေါင်း (၃၀၀) ပူးပေါင်းပါဝင်ခဲ့ကြပြီး လားရှိုးမြို့၊ မြို့တော်ခန်းမမှ လမ်းမတော်လမ်း၊ မန္တလေးလမ်း၊ သုခလမ်း၊ သိန္နီလမ်း၊ လေယာဉ်ကွင်းလမ်း၊ ဘူတာလမ်းအတိုင်း လားရှိုးမြို့တစ်ပတ်ပတ်ကာ ဆိုင်ကယ်စီးနင်း၍ အသိပညာ ပေးခဲ့ကြကြောင်း သိရသည်။

ထွန်းနေလှိုင် (နောင်ပိန်)

 

 

 

Most Read

Most Recent