သံတောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောခေါင်းတစ်ဦး နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ

သံတောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောခေါင်းတစ်ဦး နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ
Published 4 October 2017

သံတောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောခေါင်းတစ်ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပျောက်ဆုံးနေကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မေတ္တာရပ်ခံ ပန်ကြားခြင်းဖြင့် ထုတ်ပြန်ချက်တွင် တောခေါင်းဦးစောထူးဝါး ၄၁ နှစ်သည် စိုက်ခင်းစခန်းတဲမှ သုံးမိုင်အကွာ လမ်းလျှောက်ပြန်ပြီး ဆိုင်ကယ်အပ်နှံထားရှိရာ လေးအိမ်စုကျေးရွာသို့ မရောက်ရှိဘဲ လမ်းတွင် ပျောက်ဆုံးနေသည်မှာ နှစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မတွေ့ရှိသေးကြောင်း ဖော်ပြထားသည်။

ယင်းအတွက် မိသားစုဝင်များ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းရှာဖွေနေဆဲ ဖြစ်ကြောင်း၊ တွေ့ရှိပါက အကြောင်းကြားပေးရန် အကူအညီ တောင်းခံကြောင်း၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ အနေဖြင့် ၀၅၈-၂၁၄၆၄၊ ၀၅၄-၄၄၀၄၆၊ ၀၉-၇၇၇၅၂၀၁၃၅ သို့ အကြောင်းကြားပေးရန် ထုတ်ပြန်ထားသည်။ လက်ရှိတွင် ပျောက်ဆုံးနေကြောင်း အသိပေး ဆိုင်းဘုတ်များဖြင့် ၎င်းတာဝန်ကျရာ နေရာများ၌ ကြေညာထားကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သစ်ခိုးထုတ်မှုများနှင့် သစ်မှောင်ခိုဂိုဏ်းများ ဖော်ထုတ်ဖမ်းဆီးမှုများကြောင့် သစ်တောဝန်ထမ်းများ အသတ်ခံရသည့် ဖြစ်စဉ်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပွားခဲ့ပြီးနောက် သစ်တောရဲတပ်ဖွဲ့ သီးသန့်ထားရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် သစ်တောဝန်ထမ်းများအား လက်နက်ကိုင်ဆောင်ခွင့်အတွက် စီစဉ်နေပြီး ကနဦးအနေဖြင့် အလောင်းတော်ကဿပနယ်မြေ အတွင်းရှိ သစ်တောဝန်ထမ်းများအား လက်နက်ကိုင်ဆောင်ခွင့် ရရှိခဲ့ပြီ ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။