သန်လျင်မြို့မဈေးအပါအဝင် ဈေးအနီးရှိ ဆေးဆိုင် ၁၂ ဆိုင်ကို ရှောင်တခင်စစ်ဆေးပြီး လိုင်စင်မရှိ၊ လိုင်းဆေးနှင့် စပ်ဆေးများရောင်းချသော ဆေးဆိုင်ငါးဆိုင်အား အရေးယူခဲ့

သန်လျင်မြို့မဈေးအပါအဝင် ဈေးအနီးရှိ ဆေးဆိုင် ၁၂ ဆိုင်ကို ရှောင်တခင်စစ်ဆေးပြီး လိုင်စင်မရှိ၊ လိုင်းဆေးနှင့် စပ်ဆေးများရောင်းချသော ဆေးဆိုင်ငါးဆိုင်အား အရေးယူခဲ့
Published 1 October 2017

စက်တင်ဘာ ၂၈ ရက်က သန်လျင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင်စစ်ဆေးစဉ်

စက်တင်ဘာ ၂၈ ရက်က သန်လျင်မြို့မဈေး အပါအဝင် ဈေးအနီးရှိ ဆေးဆိုင် ၁၂ ဆိုင်ကို ရှောင်တခင် စစ်ဆေးခဲ့ပြီး လိုင်စင် မရှိ၊ လိုင်းဆေးနှင့် စပ်ဆေးများ ရောင်းချသော ဆေးဆိုင်ငါးဆိုင်အား အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

စက်တင်ဘာ ၂၈ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်ရုံး) အဖွဲ့သည် သန်လျင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ဖြင့် သံလျင်မြို့နယ်အတွင်းရှိ ဘုရားကုန်းဈေး၊ အောင်ချမ်းသာ ရပ်ကွက်၊ သန်လျင်မြို့မဈေးနှင့် မြို့မဈေး အနီးရှိ ဆေးဆိုင် ၁၂ ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဆေးဝါးရောင်းချခွင့် လိုင်စင် ရှိ မရှိ၊ စပ်ဆေးများ ရောင်းချခြင်း ရှိ မရှိ၊ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော (လိုင်းဆေး) ဆေးများ ရောင်းချခြင်း ရှိ မရှိ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း ရှိ မရှိ၊ ဆေးဆိုင် အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သပ်ရပ်စွာ ရောင်းချမှု ရှိ မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်နှင့် မကိုက်ညီသော ဆေးဆိုင် ငါးဆိုင်ကို အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဆေးဝါး တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီ ဆေးဝါးများကို တင်သွင်းဖြန့်ဖြူး၊ ရောင်းချခြင်း (လက်လီ/လက်ကား) လုံး၀ မပြုလုပ် ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ် ပြန်ကြေညာထားပြီးဖြစ်သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၆၅ မှုရှိပြီး လိုင်စင်မရှိ ဆေးဆိုင်များ၊ စပ်ဆေး၊ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါး၊ တရားမဝင် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များလည်း ပါဝင်ကြောင်း၊ နှစ်အလိုက် အမျိုးသားဆေးဝါးဥပဒေဖြင့် အရေးယူခဲ့သည့် အမှုများမှာ ၂၀၁၃ ခုနှစ်တွင် ၇၁ မှု၊ ၂၀၁၄ ခုနှစ်တွင် ၁၉ မှု၊ ၂၀၁၅ ခုနှစ်တွင် ၅၁ မှု၊ ၂၀၁၆ ခုနှစ်တွင် ၉၉ မှု၊ ၂၀၁၇ ခုနှစ် ဇွန်လအထိ ၂၅ မှု စုစုပေါင်း ၂၆၅ မှုရှိကြောင်းနှင့် ယင်းအမှုများအနက် ပြစ်မှုပြစ်ဒဏ် ချမှတ်ခဲ့သည့်ဖြစ်စဉ်များလည်း ရှိကြောင်း သိရသည်။

ယခုနှစ် ပထမခြောက်လအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါးဌာနခွဲအနေဖြင့် ဆေးဝါးလက်ခံ စစ်ဆေးခြင်း ၁၇၇၈ ခု၊ ဆေးဝါးမှတ်ပုံ တင်ထုတ်ပေးခြင်း (အသစ်၊ သက်တမ်းတိုး) ၁၁၆၂ ခု၊ ဆေးဝါးကြော်ငြာစိစစ်ခြင်း ၄၁ ခု၊ ကွင်းဆင်းစစ်ဆေးခြင်း ၄၅ ခုနှင့် အမျိုးသား ဆေးဝါးဥပဒေအရ တရားစွဲဆိုခဲ့သည့်အမှုပေါင်း ၂၅ မှုအထိရှိကြောင်း ဌာန၏ အချက်အလက်များအရ သိရသည်။