ကျောင်းသား ကျောင်းသူများအား သွန်သင်ဆုံးမရာတွင် ကာယိန္ဒြေပျက်ပြားစေမည့် အပြုအမူများ မပြုလုပ်ကြရန်နှင့် ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း ယဉ်ကျေးမှုနှင့် ဆီလျော်ခြင်း မရှိသည့် အပြုအမူများ မပြုလုပ်ကြရန် ညွှန်ကြားချက် ထုတ်ပြန်

ကျောင်းသား ကျောင်းသူများအား သွန်သင်ဆုံးမရာတွင် ကာယိန္ဒြေပျက်ပြားစေမည့် အပြုအမူများ မပြုလုပ်ကြရန်နှင့် ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း ယဉ်ကျေးမှုနှင့် ဆီလျော်ခြင်း မရှိသည့် အပြုအမူများ မပြုလုပ်ကြရန် ညွှန်ကြားချက် ထုတ်ပြန်
Published 27 September 2017

ကျောင်းသားကျောင်းသူများအား သွန်သင်ဆုံးမရာတွင် ကာယိန္ဒြေပျက်ပြားစေမည့်  အပြုအမူများ မပြုလုပ်ရန်နှင့် ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း ယဉ်ကျေးမှုနှင့် ဆီလျော်ခြင်းမရှိသည့် အပြုအမူများ မပြုလုပ်ကြရန် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်အား အခြေခံပညာဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူး ရုံးများမှတစ်ဆင့် သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာ ကျောင်းများသို့ ထပ်ဆင့်ညွှန်ကြားပြီး တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပေး ကြေညာထားကြောင်း သိရသည်။

ယင်းညွှန်ကြားချက် အပြည့်အစုံတွင် ကျောင်းသား ကျောင်းသူများအား သွန်သင်ဆုံးမရာတွင် ကာယိန္ဒြေ ပျက်ပြားစေမည့် အပြုအမူများ မပြုလုပ်ရန်၊ မည်သည့် တုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ အခြားတစ်စုံတစ်ခုဖြင့် လည်းကောင်း ရိုက်နှက်ခြင်း မပြုလုပ်ရန်၊ ကျောင်းသား ကျောင်းသူများ ယဉ်ကျေးမှုနှင့် ဆီလျော်ခြင်း မရှိသည့် ဝတ်စားဆင်ယင်မှုများဖြင့် ကခုန်ခြင်း၊ သီဆိုဖျော်ဖြေခြင်း၊ တေးသရုပ်ဖော် တင်ဆက်ခြင်း၊ အလှပြလမ်းလျှောက်ခြင်းများ မပြုလုပ်ရန်၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာကျောင်းများမှ အဆိုပါ ညွှန်ကြားချက်အား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ဖော်ပြပါရှိထားသည်။

“မြန်မာ့လူ့အသိုင်းအဝိုင်းမှာ အရင်တုန်းကတော့ ရိုက်တာကို မိဘဘက်ကလည်း လက်ခံတာရှိသလို ဆရာ၊ ဆရာမတွေကလည်း ဒီလိုမျိုး စေတနာကို အကြောင်းပြုပြီး ရိုက်နှက်ဆုံးမတာမျိုးတွေ ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ရိုက်နှက်ဆုံးမတာနဲ့ ပတ်သက်ပြီး အယူအဆတွေ ပြောင်းလာတယ်။ ရိုက်နှက်ဆုံးမတာကို လက်မခံတဲ့ အယူအဆတွေ ဖြစ်လာကြတယ်။ ဆရာတို့ကိုယ်တိုင် ဆရာတွေ ဖြစ်ပေမယ့်လည်း ကလေးတွေကို ရိုက်နှက်ဆုံးမတာကို လက်မခံချင်ပါဘူး။ အခြားနည်းနဲ့ပဲ စည်းရုံးသိမ်းသွင်း ဆုံးမဖို့ လိုပါတယ်။ သို့ပေမဲ့ ပြဿနာတစ်ခုက ကျောင်းတွေမှာ ဆရာနဲ့ ကျောင်းသားအချိုးက မမျှဘူး။ အဲဒီအတွက် ဆရာ၊ ဆရာမတွေ အနေနဲ့ကလည်း မတစ်ထောင်သားတွေကို ထိန်းရတဲ့အတွက် အရမ်းပင်ပန်း ကြရပါတယ်။ အဲဒီလိုမျိုးမှာ မလွှဲသာ မရှောင်သာတဲ့ အခြေအနေမျိုးမှာ တုတ်ပြရတာမျိုးတွေ ရှိပါတယ်။ အချို့ကျောင်းသားတွေကလည်း တုတ်ပြမှထိန်းလို့ရတဲ့ အနေအထားမျိုး ရှိတယ်လို့ လုပ်ငန်းခွင်ထဲက ဆရာ၊ ဆရာမတွေက မြင်နေကြတာမျိုးလည်း ရှိပါတယ်။ အရသာခံရိုက်တာ မဟုတ်ဘူး။ ကလေးကို ဆုံးမချင်တဲ့ သဘောနဲ့ လုပ်ဆောင်ရတာမျိုးလည်း ရှိပါတယ်။ ဆိုလိုချင်တာက ဆရာ၊ ဆရာမတွေက ကျောင်းသား ဆရာ အချိုးမညီတဲ့အတွက် မနိုင်မနင်းထိန်းနေရတဲ့ အနေအထားမျိုးတွေ၊ နောက်တစ်ချက်က စာမေးပွဲ စနစ်ကြောင့်လည်း ပါပါတယ်။ KG နဲ့ Grade 1 မှာတော့ ပြုပြင်ပြောင်းလဲမှုစလိုက်ပြီ။ စာမေးပွဲစနစ်က အဓိက မဟုတ်တော့ဘူး။ ကျန်တဲ့အတန်းတွေမှာတော့ စာမေးပွဲစနစ်က ကျန်နေသေးတယ်။ စာမေးပွဲ အောင်စေချင်တဲ့ အတွက် ဆရာ၊ ဆရာမတွေကလည်း တပည့်တွေကို စာကျက်ဖို့ ဖိအားပေးတယ်။ ဖိအားပေးတဲ့အခါ ပါးစပ်နဲ့ ပြောမရတဲ့ ကလေးတွေကို ရိုက်နှက်ဆုံးမပြီး ဖိအားပေးတယ်။ စာရဖို့ရာ အကြောင်းပြုပြီးတော့ တုတ်ကိုကိုင်ပြီး ဖိအားပေးကြရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ကာယိန္ဒြေ ပျက်ပြားအောင်တော့ ဘယ်ကိစ္စကိုမှ မပြုမူ သင့်ပါဘူး။ ဆရာတွေအနေနဲ့ ကျောင်းသားတွေကို မည်သည့်အကြောင်းပြချက်နဲ့မဆို အပြစ်ပေးချင်တယ် ဆိုရင်လည်း အပြစ်နဲ့လျော်ညီတဲ့ အပြစ်ပေးတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ ရိုက်နှက်ဆုံးမ အပြစ်ပေးတာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး စည်းရုံးဆွဲဆောင် သိမ်းသွင်းပြီး လိုသလို ပုံသွင်းတာမျိုးပဲ ဖြစ်စေချင်ပါတယ်” ဟု ကျောက်ဆည် တက္ကသိုလ်၊ ရူပဗေဒဌာန၊ ကထိက ဒေါက်တာဇော်မျိုးလှိုင်က အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ သုံးသပ်ပြောကြားသည်။

မကြာသေးမီ ကာလကလည်း ကျောင်းသားကျောင်းသူ အချို့အား အပြစ်ပေးဆုံးမခြင်းနှင့် ကျောင်းသား ကျောင်းသူအချို့ ယဉ်ကျေးမှုနှင့် ဆီလျော်မှုမရှိသည့် သရုပ်ဖော်တင်ဆက်ခြင်း စသည့်ဖြစ်စဉ်များမှာ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများစွာ ရှိခဲ့သည်။