နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမည်ဟုဆိုပြီး ထိုင်းအလုပ်ရှင်က မြန်မာလုပ်သား ၅၀ ကျော်၏လစာထဲမှ အဆမတန် ဖြတ်တောက်ထားသည့် လုပ်အားခများ အလုပ်သမားများ၏ ဆန္ဒပြမှုကြောင့် ပြန်ရ

နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမည်ဟုဆိုပြီး ထိုင်းအလုပ်ရှင်က မြန်မာလုပ်သား ၅၀ ကျော်၏လစာထဲမှ အဆမတန် ဖြတ်တောက်ထားသည့် လုပ်အားခများ အလုပ်သမားများ၏ ဆန္ဒပြမှုကြောင့် ပြန်ရ
Published 14 September 2017

ထိုင်းနိုင်ငံ ပထုန်ဌာနီမြို့နယ်ရှိ ဝနချိုင်းပရိဘောဂ စက်ရုံရှေ့တွင် အလုပ်သမားများ အလုပ်မဆင်းဘဲ ဖြတ်တောက်ခံထားရသည့်ငွေများ ပြန်လည်ရရှိရန် တောင်းဆိုနေစဉ် (ဓာတ်ပုံ-AAC)

နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမည်ဟုဆိုပြီး ထိုင်းအလုပ်ရှင်က မြန်မာလုပ်သား ၅၀ ကျော်ထံမှ တစ်ဦးလျှင် ဘတ် ၁၈၅၀၀ အား လုပ်အားခများထဲမှ ဖြတ်တောက်ထားမှုကို ပြန်ပေးရန် စက်တင်ဘာ ၁၂ ရက်က အလုပ်သမားများက အလုပ်မဆင်းဘဲ ဆန္ဒပြမှုကြောင့် အလုပ်ရှင်က ဖြတ်တောက်ထားသည့်ငွေများ ပြန်လည်ပေးခဲ့ရကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ ပထုန်ဌာနီမြို့နယ် စိုင်းနိုင်းနယ်မြေရှိ ဝနချိုင်းပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၅၀ ကျော်ကို နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးမည်ဟုဆိုကာ အလုပ်သမားများ၏ လုပ်အားခထဲမှ တစ်ဦးလျှင် ဘတ် ၁၈၅၀၀ နှုန်း လစဉ်အချိုးကျ ဖြတ်တောက်ခဲ့သော်လည်း နိုင်ငံကူးလက်မှတ်မှာ တစ်နှစ်ကျော်ကြာသည်အထိ မပြုလုပ်ပေးသဖြင့် အလုပ်သမားများက ထိုငွေများ ပြန်တောင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုင်းလုပ်ငန်းရှင်က ပြန်မပေးသည့်အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ နောက်ဆုံးတွင် အလုပ်သမားများထံမှ ဖြတ်တောက်ထားသည့် ငွေများကို ပြန်လည်ပေးအပ်ခဲ့ရကြောင်း ထိုင်းအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ဖြစ်သည့် AAC အဖွဲ့မှ ကိုရဲမင်းက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားသည်။

“လုပ်ငန်းရှင်က ပတ်စ်ပို့ လုပ်ပေးမယ်ဆိုပြီး အလုပ်သမားတွေဆီက တစ်ဦးကို ဘတ် ၁၈၅၀၀ ကို လစာထဲက အချိုးကျ ဖြတ်ထားတယ်။ ဒါပေမဲ့ ပတ်စ်ပို့က တစ်နှစ်ကျော်ကြာတဲ့အထိ မလုပ်ပေးတဲ့အတွက် အလုပ်သမားတွေက သူတို့ငွေတွေ ပြန်တောင်းတော့ မပေးဘူး။ ဒါကြောင့် အလုပ်သမားတွေက အလုပ်မဆင်းဘဲ ဆန္ဒပြကြတော့ ရဲတွေခေါ်ပြီး အထဲဝင်ခိုင်းတာတွေ ဘာတွေလုပ်တယ်။ ဒါပေမဲ့ အလုပ်သမားတွေက မဝင်ဘဲ ကျွန်တော်တို့ AAC အဖွဲ့ရောက်တဲ့အထိ အပြင်မှာပဲနေပြီး တောင်းတယ်။ နောက်ဆုံး အလုပ်ရှင်က သူတို့ငွေတွေကို ပြန်ပေးလိုက်ရတယ်” ဟု ကိုရဲမင်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်ကလည်း ထိုင်းနိုင်ငံ ပထုန်ဌာနီမြို့နယ်ရှိ အသားလုံးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁၅၀ ကျော်က အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့သည့်အတွက် အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်က လက်ခံခဲ့ရသည်။

Most Read

Most Recent