မူးယစ်ဆေးဝါး သယ်ဆောင်လာသော ပြင်သစ်အမျိုးသားတစ်ဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဖမ်းဆီး

မူးယစ်ဆေးဝါး သယ်ဆောင်လာသော ပြင်သစ်အမျိုးသားတစ်ဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဖမ်းဆီး
Published 2 October 2018

အောက်တိုဘာ ၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ လန်ဘော့ကျွန်းစု၌ ပြင်သစ်အမျိုးသား ဖီးလစ်ဒေါ်ဖင် (ဝဲ) အား ရဲစခန်း၌ တွေ့ရစဉ် (Photo: AFP)

ပြင်သစ်အမျိုးသားတစ်ဦးအား မှုးယစ်ဆေး လေးကီလိုဂရမ် (၈ ဒသမ ၈ ပေါင်) နှင့် အတူ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်လာလျှင် သေဒဏ် အပါအဝင် အပြင်းထန်ဆုံး ပြစ်ဒဏ်များ ချမှတ်ကျင့်သုံးသည့် အင်ဒိုနီးရှားနိုင်ငံတွင် ယင်းကဲ့သို့ နိုင်ငံခြားသားတစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အသက် ၃၄ နှစ်အရွယ် ဖိလစ်ဒေါ်ဖင်းဆိုသူ အမျိူသားသည် ကိုကင်းများ၊ စိတ်ကြွဆေးများနှင့် မက်သာဖီမင်းများထည့်ထားသည့် အထုပ်များကို ခရီးဆောင်အိတ်အတွင်း သယ်ဆောင်လာခဲ့ခြင်းပြီး ၎င်းကို လန်ဘော့ကျွန်းရှိ လေဆိပ်တွင် စက်တင်ဘာ ၂၁ ရက်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “အကောက်ခွန်ဝန်ထမ်းတွေက သူသယ်ဆောင်လာတဲ့ ခရီးဆောင်အိတ်ကို ကြည်ရှုစစ်ဆေးခဲ့ပါတယ်။ အိတ်ထဲကနေ မူးယစ်ဆေးတွေ ရှာတွေ့သွားတဲ့အခါမှာ အဲအမျိုးသားက ထွက်ပြေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ရဲအရာရှိတွေက သူ့ကို အမိအရ ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ယူ့စ်ဖာဒီလာက ဆိုသည်။

ပြစ်မှုထင်ရှားပါက အဆိုပါ အမျိုးသားအား သေဒဏ်ချမှတ်မှု ပြုမည် မပြုမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထို့ပြင်နောက်ထပ်ပြင်သစ်အမျိုးသားတစ်ဦးဖြစ်သော မိုက်ကယ်ဘလန့်စ်သည်လည်း ဘာလီကျွန်းသို့ မူးယစ်ဆေး မှောင်ခိုသွင်းရန် ကြိုးစားမှုဖြင့် ၂၀၁၅ ခုနှစ်တွင် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံခဲ့ရကာ ခံဝန်ချက်ဖြင့်ပြန်လည် လွတ်မြောက်လာပြီးနောက် နှစ်လအကြာတွင်ပင် ယခုဖြစ်ရပ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Ref: AFP