အိုင်ဒလစ်အား ထိုးစစ်ဆင်မည့်ကိစ္စအတွက် ထရန့်က ဆီးရီးယား၊ ရုရှားနှင့် အီရန်တို့ကို သတိပေး

အိုင်ဒလစ်အား ထိုးစစ်ဆင်မည့်ကိစ္စအတွက် ထရန့်က ဆီးရီးယား၊ ရုရှားနှင့် အီရန်တို့ကို သတိပေး
Published 5 September 2018

စက်တင်ဘာ ၃ ရက်တွင် အိုင်ဒလစ်ပြည်နယ်အနီး မျှော်လင့်ထားသည့် အစိုးရထိုးစစ်အတွက် အမျိုးသားလွတ်မြောက်ရေးတပ်ဦးမှ တိုက်ခိုက်ရေးသမားများက ကြိုတင်ပြင်ဆင်နေကြစဉ် (Photo - AFP)

ဆီးရီးယားအစိုးရသည် ၎င်းနိုင်ငံထဲမှ သူပုန်တို့၏ နောက်ဆုံးခြေကုပ်ယူရာနေရာသို့ ရုရှား၊ အီရန်တို့၏ အကူအညီဖြင့် ထိုးစစ်ဆင်တော့မည့်အရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၃ ရက်တွင် သတိပေးခဲ့သည်။ ယင်းထိုးစစ်သည် လူသားတို့အတွက် ကံဆိုးမိုးမှောင်ကျမှုကြီး ဖြစ်လာလိမ့်မည်ဟုလည်း ထရန့်က ပြောကြားခဲ့သည်။

ထိုသို့ ထိုးစစ်မှုကြီးဖြစ်ပေါ်လာခါနီး အချိန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်သည် ဒမတ်စကတ်သို့ ရုတ်တရက်ရောက်ရှိလာကာ ဆီးရီးယားခေါင်းဆောင် ဘာရှားအယ်အာဆတ်နှင့် တွေ့ဆုံခဲ့စဉ် ထရန့်၏ ထိုသတိပေးချက်ထွက် ပေါ်လာခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ဆီးရီးယားတပ်ဖွဲ့များသည် နိုင်ငံအနောက်မြောက်ပိုင်းရှိ အိုင်ဒလစ်ပြည်နယ်ဝန်းကျင်သို့ စုဝေးရောက်ရှိနေကြပြီဖြစ်ပြီး ထိုးစစ်ဆင်ရန်အတွက် ပြင်ဆင်နေကြသည်။

“ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ဟာ အိုင်ဒလစ်ကို အဆင်အခြင်မဲ့ တိုက်ခိုက်လို့မရပါဘူး။ ရုရှားနဲ့ အီရန်တို့ဟာလည်း ဒီလူသားကံဆိုးမိုးမှောင်ကျမှု ဖြစ်စဉ်ကြီးထဲမှာ ပါဝင်မယ်ဆိုရင် လူသားချင်းဆိုင်ရာအမှား ကြီးတစ်ခု ကျူးလွန်မိကြမှာဖြစ်ပါတယ်” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။ “လူတွေ ထောင်ပေါင်းများစွာ သေကြပါလိမ့်မယ်။  ဒါလိုမျိုးအဖြစ်ကို ခွင့်ပြုလို့မရပါဘူး” ဟု ထရန့်က ရေးသားထားသည်။

အိုင်ဒလစ်ပြည်နယ်ကို အားကုန်ထိုးစစ်ဆင်လိုက်ပါက ခုနစ်နှစ်ကြာ ဆီးရီးယားစစ်ပွဲအတွင်း လက်ရှိအချိန်အထိ မဖြစ်ပွား ဖူးသေးသော လူသားချင်းဆိုင်ရာ ကပ်ဘေးကြီးတစ်ခု ပေါ်ပေါက်လာနိုင်သည်ဟုကုလသမဂ္ဂနှင့် အကူအညီပေးရေးအဖွဲ့အစည်းများကလည်း သတိပေးနေကြသည်။

သို့သော် ရုရှားနှင့် အီရန်တို့ကမူ အိုင်ဒလစ်ပြည်နယ်ထဲမှ အစွန်းရောက်အုပ်စုများကို ချေမှုန်းရမည်ဟု အခိုင်အမာဆိုနေကြပြီး ယခုအိုင်ဒလစ်ထိုးစစ်တွင် ဆီးရီးယားတပ်ဖွဲ့များကို ပံ့ပိုးပေးကြဖွယ်ရှိသည်။

အမေရိကန်ရဲ့သတိပေးချက်ဟာ အနှစ်သာရမရှိ ဖြစ်နေပြီလား

ဆီးရီးယားအစိုးရက ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သောကြောင့် လက်တုံ့ပြန်သည့်အနေနှင့် ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်တို့သည် ဧပြီလလယ်ပိုင်းက ဆီးရီးယားအစိုးရ၏ စစ်ဘက်အဆောက်အအုံအချို့ကို တိုက်ခိုက်ခဲ့သည်။ သို့သော်လေ့လာသူများကမူ ဆီးရီးယားအစိုးရတပ်များ၏ စစ်ရေးအောင်ပွဲ ရနိုင်သည့် အခြေအနေတွင် ဝင်မပါတော့ရန် အမေရိကန်က ဆုံးဖြတ်လိုက်ပုံရသည်ဟု သုံးသပ်နေကြသည်။

ဆီးရီးယားတပ်ဖွဲ့များ ဓာတုလက်နက် အသုံးပြုနေသည်ကို မျက်ကွယ်ပြုနေသည်ဟု စွပ်စွဲခံနေရသော ရုရှားအစိုးရကို အမေရိကန်သံတမန်များက သတိပေးချက်များ ဆက်တိုက်ပြုလုပ်နေသည်။ သို့သော် အဆိုပါနှုတ်ဖြင့် သတိပေးနေမှုများသည် လက်ရှိဆီးရီးယားအခြေအနေအတွက် အနည်းငယ်သာ သက်ရောက်စေသည်ဟု စောင့်ကြည်သူတို့က သုံးသပ်ခဲ့ကြသည်။

သမ္မတထရန့်သည် ဧပြီလကပင် IS တို့ကို အလုံးစုံချေမှုန်းပြီးသည်နှင့်တစ်ပြိုင်နက် ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့များကို အိမ်ပြန်ခေါ်ရန်အချိန်ရောက်ပြီဟု ပြောကြားခဲ့သည်။

Ref ; AFP