ဘရာဇီး၏ သက်တမ်းအရင့်ဆုံး ရီယိုအမျိုးသားပြတိုက် ဧရာမမီးလောင်မှုကြောင့် ကြီးကြီးမားမား ပျက်စီးခဲ့

ဘရာဇီး၏ သက်တမ်းအရင့်ဆုံး ရီယိုအမျိုးသားပြတိုက် ဧရာမမီးလောင်မှုကြောင့် ကြီးကြီးမားမား ပျက်စီးခဲ့
Published 4 September 2018

စက်တင်ဘာ ၂ ရက်တွင် ရီယိုဒီဂျနေရိုး၌ သက်တမ်းနှစ် ၂၀၀ ရှိ အမျိုးသားပြတိုက် မီးလောင်နေမှုကို တွေ့ရစဉ် (Photo: AP)

ဘရာဇီး၏ သက်တမ်းအရင့်ဆုံး ပြတိုက်တစ်ခုဖြစ်သော ရီယိုဒီဂျနေရိုးရှိ အမျိုးသားပြတိုက်တွင် စက်တင်ဘာ ၂ ရက်၌ ဧရာမ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးသတ်တပ်ဖွဲ့ ၂၀ ခန့်က ထိုမီးကြီးလောင်မှုအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြစဉ် မီးခိုးလုံးများက မိုးပေါ်သို့ ထိုးထွက်နေခဲ့သည်။

မီးများက ပြတိုက်ထဲရှိ အခန်းရာပေါင်းများစွာအား လောင်ကျွမ်းခဲ့ပြီးနောက် ငါးနာရီခန့်အကြာတွင် မီးသတ်သမားများက မီးကိုထိန်းနိုင်ခဲ့သော်လည်း မီးညွန့်ကျိုးစေရန် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း အေအက်ဖ်ပီ ဓာတ်ပုံဆရာတစ်ဦးက ပြောကြားခဲ့သည်။ မာရာကာနာဘောလုံးကွင်းအနီး မြို့၏မြောက်ဘက်တွင် တည်ရှိသော ထိုပြတိုက်ကို မည်သည့်အတွက်ကြောင့် မသိရသော မီးလောင်မှုကြောင့် ပိတ်ထားခဲ့သည်။

မီးလောင်စေသည့် ပစ္စည်းအများအပြား ရှိခြင်းကြောင့် မီးသည် အလွန်အလျင်မြန်စွာ ပျံ့နှံ့ခဲ့ကြောင်း၊ သို့သော် ထိခိုက်ဒဏ်ရာရသူ မရှိသေးကြောင်း ရီယိုမီးသတ်ဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

၁၈၁၈ ခုနှစ်တွင် ဘုရင် Joao VI က ထူထောင်ခဲ့သည့် သဘာဝသမိုင်းနှင့် မနုဿဗေဒပြတိုက်တွင် အလွန်အမင်း အဖိုးတန်သော ပစ္စည်းပေါင်း သန်း ၂၀ ကျော် ပြသထားပြီး ဘရာဇီးယဉ်ကျေးမှုအတွက် အမွေအနှစ်တစ်ခုအဖြစ် ယူဆခံရသည်။ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ လက်ရာများ၊ သုတေသနများနှင့် ဗဟုသုတများ ဆုံးရှုံးခဲ့ရကြောင်း၊ အမျိုးသားပြတိုက်၏ စုဆောင်းထားမှုများ ဆုံးရှုံးရမှုသည် တွက်ချက်မရနိုင်သော ဆုံးရှုံးမှုဖြစ်ကြောင်း ဘရာဇီးသမ္မတ မီချယ်တီမာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုပြတိုက်တွင် ဂရိ-ရောမခေတ်ကာလများနှင့် အီဂျစ်မှ အနုပညာပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများအပြင် Luzia ဟု လူသိများသော ယနေ့ခေတ် ဘရာဇီးနယ်စပ်များအတွင်း တွေ့ရှိခဲ့ရသော သက်တမ်းအရင့်ဆုံး လူသားကျောက်ဖြစ် ရုပ်ကြွင်းများကိုလည်း စုဆောင်းပြသထားသည်။ ထို့ပြင် Minas Gerais ဒေသတွင် တွေ့ရှိခဲ့သော ဒိုင်နိုဆောတစ်ကောင်၏ ကျောရိုး၊ ဘရာဇီးတွင် တွေ့ရှိခဲ့သမျှ၌ အကြီးဆုံးဖြစ်သော Bendego ဟု အမည်ပေးထားသည့် ၅ ဒသမ ၃ တန် အလေးချိန်ရှိသည့် ဥက္ကာခဲတို့ကိုလည်း ထိုပြတိုက်တွင် ပြသခဲ့သည်။

ပေါ်တူဂီများက ၁၅၀၀ ပြည့်လွန်နှစ်များတွင် ထိုနယ်မြေသို့ စတင်ရောက်ရှိလာမှုမှသည် ၁၈၈၉ ခုနှစ်တွင် ပထမဆုံး ဘရာဇီး သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည့် အချိန်အထိ ရာစုနှစ်လေးခုနီးပါးကြာ ကာလအတွင်းကို လွှမ်းခြုံသော ပစ္စည်းများကိုလည်း ထိုပြတိုက်တွင် စုဆောင်းထားကြောင်း သိရသည်။

ရီယိုဒီဂျနေရိုး ဖက်ဒရယ်တက္ကသိုလ်နှင့် ဆက်နွှယ်သော ထိုအမျိုးသားပြတိုက်သည် ငွေကြေးထောက်ပံ့မှု ဖြတ်တောက်ခံထားရသည်။ တစ်ချိန်က ပေါ်တူဂီဘုရင်မိသားစု၏ အိမ်တော်ဖြစ်ခဲ့သော နန်းတော်ဟောင်း တစ်ခုဖြစ်ခဲ့သည့် ထိုပြတိုက်သည် လိုအပ်သော ထောက်ပံ့မှုများကို မည်သည့်အခါမျှ မရရှိခဲ့ကြောင်း ထိုပြတိုက်၏ ဒုတိယဒါရိုက်တာ လူးဝစ်ဖာနန်ဒိုဒီရက်စ်ဒူအာတီက ပြောကြားခဲ့သည်။ လာမည့်အောက်တိုဘာတွင် အရေးပါသော သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများ ပြုလုပ်နေစဉ် ထိုဧရာမ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Ref: AFP

Most Read

Most Recent