<

အင်ဒိုနီးရှားတွင် ငလျင်များကြောင့် သေဆုံးသူ ၅၅၅ ဦးအထိ ရှိလာ

Photo: AFP

ယခုနှစ်နွေရာသီတွင် အင်ဒိုနီးရှားနိုင်ငံ လန်ဘော့ကျွန်း၌ ငလျင်များတစ်သီတတန်း လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၅၅၅ ဦးအထိ ရှိလာခဲ့ပြီး လူ ၁၅၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူပေါင်း ၁၀၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်သွားခဲ့ကြောင်း  သဘာဝဘေးအန္တ ရာယ်ကာကွယ်ရေးအေဂျင်စီက သြဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ခရီးသွားအများအပြား လည်ပတ်ကြသည့် ဘာလီကျွန်းအနီးရှိ လှပသော လန်ဘော့ကျွန်းတွင် ဇူလိုင် ၂၉ နှင့် သြဂုတ် ၅ ရက်တို့၌ လူသေဆုံးမှုများခဲ့သော ငလျင်ကြီးနှစ်ခုလှုပ်ခတ်ခဲ့သည်။

သြဂုတ် ၁၉ ရက်တွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင် ကြီးတစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းနှင့်အတူ နောက်ဆက်တွဲငလျင်များ တစ်သီတတန်း လှုပ်ခတ်ခဲ့သေးသည်။

လန်ဘော့ကျွန်း မြောက်ဘက်တွင် လူသေဆုံးမှုအများဆုံးဖြစ်ကြောင်း၊ ထို့ပြင် လန်ဘော့ကျွန်းအနီးရှိ ဆမ်ဘာဝါကျွန်းတွင်လည်း လူအများအပြားသေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားသဘာဝဘေး အန္တရာယ် ကာကွယ်ရေးအေဂျင်စီကဆိုသည်။ လမ်းများကွဲအက်ခြင်း၊ အိမ်ခေါင်မိုးနှင့် အဆောက်အအုံများ ပြိုကျခြင်းတို့ကြောင့် ပြည် သူများမှာ အတိဒုက္ခရောက်နေကြပြီး သေဆုံးသူ အများအပြားမှာ အဆောက်အအုံ အပျက်အစီးများ ပြိုကျခြင်းကြောင့် သေဆုံးကြခြင်း ဖြစ်ကြောင်း သိရသည်။

ယာယီ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ကြရသော ဒေသခံ များမှာ အစားအစာ၊ ယာယီတဲနှင့် သန့်ရှင်းသော ရေတို့ လိုအပ်နေသောကြောင့် ငလျင်ဒဏ်သင့် ကျွန်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပိုမိုပေးအပ်ရန်အတွက် ထောက်ပံ့ရေးအဖွဲ့အစည်းများက ကတိပြု ထားသည်။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းသည် ရူပီး ခုနစ်ထရီလျံ (ဒေါ် လာ ၄၇၈ သန်း) ထိ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ အင်ဒိုနီးရှားသည် မီးတောင်ပေါက်ကွဲမှုများနှင့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

August 24, 2018














Copy Protected by Chetan's WP-Copyprotect.