တူရကီက လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ အဓိကသွင်းကုန်များအား သွင်းကုန်ခွန်များ တိုးမြှင့်စည်းကြပ်

တူရကီက လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ အဓိကသွင်းကုန်များအား သွင်းကုန်ခွန်များ တိုးမြှင့်စည်းကြပ်
Published 16 August 2018

သြဂုတ် ၁၄ ရက်က အစ္စတန်ဘူရှိ ငွေလဲသည့်နေရာတစ်ခုတွင် လူများတန်းစီနေကြသည်ကို တွေ့ရစဉ် (Photo: AP)

တူရကီအစိုးရသည် ၎င်းအပေါ် အမေရိကန်၏ အရေးယူမှုများအား လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန်၏ အဓိကသွင်းကုန်အချို့အပေါ် အခွန်များ တိုးမြှင့်စည်းကြပ်လိုက်သည်ဟု သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မဟာမိတ်နှစ်နိုင်ငံ၏ ခါးသီးသော အငြင်းပွားမှုကြောင့် တူရကီ ငွေကြေးလိုင်ရာမှာမူ ဈေးနှုန်းထိုးဆင်းနေခဲ့သည်။ သြဂုတ် ၁၄ ရက်တွင် အချို့သောနယ်ပယ်များ၌ လိုင်ရာငွေတန်ဖိုး ပြန်တက်လာမှု ရှိသော်လည်း သြဂုတ် ၁၀ ရက်နှင့် ၁၃ ရက်တွင် ကုန်သွယ်ရေး၌ တူရကီလိုင်ရာငွေ တန်ဖိုးသည် လေးပုံတစ်ပုံခန့် လျော့နည်းသွားခဲ့သည်။

လိုင်ရာငွေတန်ဖိုးကျဆင်းမှုကြောင့် မီးကုန်ယမ်းကုန် စီးပွားရေးစစ်ပွဲကြီး ဖြစ်လာမည့်အပေါ် တူရကီနိုင်ငံထဲ၌ စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။ ထိုသို့ဖြစ်ပွားပါက အထူးသဖြင့် ဘဏ်စနစ်တွင် ဥရောပနှင့် အခြားဈေးကွက်များသို့ပါ ပျံ့နှံ့ကူးစက်နိုင်ခြေ ရှိနေသည်။ သြဂုတ် ၁၅ ရက်တွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် တူရကီငွေ ၆ ဒသမ ၀၂ လိုင်ရာ ဈေးရှိခဲ့သည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးအပေါ် အမေရိကန်အစိုးရရဲ့ တိုက်ခိုက်မှုကြောင့် အပြန်အလှန် လက်တုံ့ပြန်တဲ့ မူဘောင်အတွင်းကနေ အခွန်တွေကို တိုးမြှင့်ဖို့ ညွှန်ကြားထားပါတယ်” ဟု တူရကီဒုတိယသမ္မတ ဖူယက်အော့တေက ပြောကြားခဲ့သည်။

တူရကီ၏ သံမဏိနှင့် အလူမီနီယံတို့အပေါ် အခွန်နှစ်ဆ တိုးမြှင့်လိုက်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကြေညာထားသည်။ အမေရိကန်သင်းအုပ်ဆရာ အန်ဒရူးဘရန်ဆန်ကို တူရကီအာဏာပိုင်တို့က ဖမ်းဆီးထားမှုဖြင့် နေတိုးမဟာမိတ် နှစ်နိုင်ငံကြားတွင် အချင်းများနေကြစဉ် ယခုကုန်သွယ်ရေးပဋိပက္ခ ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတရီဆပ်တေရစ်အာဒိုဂန်က လက်မှတ်ရေးထိုးထားသော အမိန့်စာအရ အခွန်များ တိုးမြှင့်လိုက်သည့်အကြောင်း တူရကီနိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။ အာဒိုဂန်သည် စီးပွားရေးစစ်ပွဲတစ်ခု ဖြစ်ပွားပါက တူရကီသာ နိုင်လိမ့်မည်ဟု ထပ်တလဲလဲ ပြောနေသူဖြစ်သည်။ နိုင်ငံပိုင် သတင်းအေဂျင်စီ Anadolu ၏ ဖော်ပြချက်အရ အခွန်များကို လက်ရှိနှုန်းထားထက် နှစ်ဆတိုးမြှင့်ခြင်းဖြစ်သဖြင့် ထရန့်၏ လုပ်ရပ်ကို ထပ်တူ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ထိုအမိန့်စာ၌ ဖော်ပြချက်အရ တူရကီနိုင်ငံသို့ တင်သွင်းလာသည့် အမေရိကန်ဆန်များအပေါ် အခွန်ရာခိုင်နှုန်း ၅၀၊ အယ်ကိုဟော ပါဝင်သော သောက်စရာများအပေါ် အခွန်ရာခိုင်နှုန်း ၁၄၀၊ ဆေးရွက်ကြီးအရွက်အပေါ် အခွန်ရာခိုင်နှုန်း ၆၀၊ အလှကုန်များအပေါ် အခွန်ရာခိုင်နှုန်း ၆၀ စည်းကြပ်မည်ဟု သိရသည်။ ကားများအပေါ် အခွန်စည်းကြပ်မှုမှာမူ အမျိုးအစားပေါ်လိုက်ပြီး ရာခိုင်နှုန်း ၁၂၀ အထိ မြင့်တက်သွားမည်ဖြစ်သည်။

အာဒိုဂန်သည် သြဂုတ် ၁၄ ရက်ကလည်း တူရကီသည် အိုင်ဖုန်းကဲ့သို့ အမေရိကန်၏ အီလက်ထရွန်နစ်ထုတ်ကုန်များကို သပိတ်မှောက်မည်ဟု ပြောကြားခဲ့သည်။ သို့သော် အာဒိုဂန်သည် ၎င်းကိုယ်တိုင် ဓာတ်ပုံရိုက်ကူးရာတွင် အိုင်ဖုန်းကိုသာ ကြိမ်ဖန်များစွာ အသုံးပြုခဲ့သူဖြစ်သည်။

Ref: AFP