ထိုင်းတရားရုံးက နာမည်ပျက် ဘုန်းကြီးဟောင်းအား စွဲချက်မျိုးစုံဖြင့် ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်

ထိုင်းတရားရုံးက နာမည်ပျက် ဘုန်းကြီးဟောင်းအား စွဲချက်မျိုးစုံဖြင့် ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်
Published 10 August 2018

သြဂုတ် ၉ ရက်တွင် ဘန်ကောက်ရှိ တရားရုံးသို့ ရောက်ရှိလာသည့် ထိုင်းဘုန်းကြီးဟောင်း ဝီရဖွန်း (ယာဒုတိယမြောက်) ကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်မှ ထိုင်းသို့လွဲှပြောင်းပေးခံခဲ့ရပြီးနောက် တစ်နှစ်ကျော်အကြာတွင် နာမည်ပျက် ထိုင်းဘုန်းကြီးဟောင်းတစ်ဦးအား ထိုင်းတရားရုံးတစ်ရုံးက သြဂုတ် ၉ ရက်တွင် ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်ခဲ့သည်။ ဘုန်းကြီးဟောင်း ဝီရဖွန်းဆူဖွန်းသည် ကိုယ်ပိုင်ဂျက် လေယာဉ်တစ်စင်းပေါ်တွင် Louis Vuitton အိတ်တစ်လုံးနှင့် ဒီဇိုင်နာလက်ရာ လေယာဉ်မှူးနေကာမျက်မှန် တပ်ထားမှုအား ရိုက်ကူးထားသည့် ဗီဒီယိုအပိုင်းသည် ၂၀၁၃ ခုနှစ်တွင် ထွက်ပေါ်ခဲ့ပြီးနောက် သတင်းခေါင်းစီးများ၌ ဖော်ပြခံခဲ့ရသည်။

အသက် ၃၉ နှစ်ရှိ ဝီရဖွန်းသည် အမေရိကန်သို့ ထွက်ပြေးခဲ့သော်လည်း အသက်မပြည့်သေးသူတစ်ဦးအား မုဒိမ်းကျင့်မှု၊ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓမြကျောက်ရုပ်တု တည်ဆောက်ရန် လှူဒါန်းငွေများကို လိမ်လည်မှုတို့အတွက် စွပ်စွဲခံခဲ့ရပြီးနောက် နေရပ်သို့ ပြန်ပို့ခံခဲ့ရခြင်းဖြစ်သည်။ ထပ်မံစုံစမ်း စစ်ဆေးမှုများအရ ဝီရဖွန်းသည် ဇိမ်ခံကားများကို ပိုင်ဆိုင်ထားပြီး ဒေါ်လာ ၇၀၀၀၀၀ ခန့်ရှိသော ဘဏ်စာရင်းများစွာလည်း ဖွင့်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဝီရဖွန်းအား ငွေကြေးခဝါချမှု၊ လိမ်လည်မှု၊ အွန်လိုင်းအသုံးပြု၍ ရန်ပုံငွေရှာဖွေမှုအတွက် ကွန်ပျူတာရာဇဝတ်မှုဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်မှုစသည့်စွဲချက်များဖြင့် ထောင်ဒဏ်စုစုပေါင်း ၁၁၄ နှစ် ချမှတ်ခဲ့ကြောင်း ဘန်ကောက်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်းဥပဒေအရမူ ဝီရဖွန်းသည် ထိုစီရင်ချက်များအတွက် ထောင်ဒဏ်အနှစ် ၂၀ ထက် ကျော်လွန်၍ ကျခံရဖွယ်မရှိကြောင်း ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။ ဝီရဖွန်းသည် ၎င်းအား တိုင်ကြားခဲ့သည့်အလှူရှင် ၂၉ ဦးထံ ဘတ် ၂၈ ဒသမ ၆ သန်း (ဒေါ်လာ ၈၆၁၇၀၀) ကို ပြန်ပေးရန်လည်း တရားရုံးက ညွှန်ကြားခဲ့သည်။ သက်ငယ်မုဒိမ်းမှုစွဲချက်အတွက် လာမည့်အောက်တိုဘာတွင် စီရင်ချက်ချမှတ်ဖွယ်ရှိဟု အစိုးရရှေ့နေတစ်ဦးက ဆိုခဲ့သည်။

ဝီရဖွန်းသည် ပြီးခဲ့သောဆယ်စုနှစ်တစ်ခုခန့်တွင် အသက်မပြည့်သူ မိန်းကလေးငယ်တစ်ဦးနှင့် လိင်ဆက်ဆံခဲ့ပြီး ကလေးတစ်ဦး ရရှိခဲ့ကြောင်းလည်း စွပ်စွဲခံခဲ့ရကာ ပြစ်မှုထင်ရှားပါက နောက်ထပ်ထောင်ဒဏ်အနှစ် ၂၀ ကျခံရမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ထိုင်းစစ်အစိုးရသည် အရှုပ်တော်ပုံများ ဝိုင်းရံနေသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား တင်းတင်းမာမာ ရပ်တည်ခဲ့သည်။ ထိုဘုန်းကြီးများနှင့်ဆက်နွှယ်သော ငွေညှစ်မှု၊ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးအမှုများကြောင့် ဗုဒ္ဓဘာသာ အများစုနေထိုင်သည့် ထိုင်းနိုင်ငံမှ ပြည်သူများအား အလွန်အမင်း အံ့အားသင့်စေခဲ့သည်။ ပြစ်မှုဆိုင်ရာ စီရင်ချက်များ ချမှတ်ခံထားရသော ဘုန်းကြီးများအား ခြေရာခံနိုင်ရန် ဒစ်ဂျစ်တယ်သက်သေခံကတ်များ ထုတ်ပေးရန်စိတ်ကူးကို စစ်အစိုးရက ပြီးခဲ့သောနှစ်တွင် ထုတ်ပြန်ခဲ့သည်။

Ref: AFP