မက္ကဆီကို ခရီးသည်တင်လေယာဉ်တစ်စင်း လေယာဉ်ကွင်း၌ ပျက်ကျပြီး လိုက်ပါလာသူအားလုံး အသက်ရှင်လျက် လွတ်မြောက်

မက္ကဆီကို ခရီးသည်တင်လေယာဉ်တစ်စင်း လေယာဉ်ကွင်း၌ ပျက်ကျပြီး လိုက်ပါလာသူအားလုံး အသက်ရှင်လျက် လွတ်မြောက်
Published 2 August 2018

ဇူလိုင် ၃၁ ရက်တွင် မက္ကဆီကိုနိုင်ငံ ဒူရန်ဂိုလေဆိပ်အနီး ပျက်ကျခဲ့သောလေယာဉ်မှ ဒဏ်ရာရသူများအား သယ်ဆောင်လာစဉ် (Photo: AP)

မက္ကဆီကိုလေကြောင်းလိုင်း Aeromexico ၏ လေယာဉ်တစ်စင်းသည် မက္ကဆီကိုမြောက်ပိုင်းတွင် ပြင်းထန်သော မိုးသီးမုန်တိုင်းတိုက်ခတ်စဉ်အတွင်း ပျံတက်စဉ် ပျက်ကျခဲ့ပြီး လေယာဉ်သည် မီးလောင်ကျွမ်းခဲ့ကာ လူ ၉၇ ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ဒူရန်ဂိုနှင့် မက္ကဆီကိုစီးတီးတို့အကြား ပြေးဆွဲနေသော Embraer 190 လေယာဉ်သည် လူကြီး ၈၈ ဦး၊ အရွယ်မရောက်သေးသူ ကလေးကိုးဦး၊ နို့စို့ကလေးနှစ်ဦး၊ လေယာဉ်မှူး နှစ်ဦးနှင့် လေယာဉ်အမှူထမ်းနှစ်ဦးတို့ လိုက်ပါလျက်ပျံတက်စဉ် ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်၌ ပျက်ကျခဲ့ကြောင်း လေကြောင်းလိုင်း ညွှန်ကြားရေးမှူးချုပ် အင်ဒရစ်ကွန်နီဆာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“လေကြောင်းခရီးစဉ်အမှတ် AM 2431 မတော်တဆဖြစ်စဉ်မှာ သေဆုံးမှုမရှိဘူးဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့သော ဒူရန်ဂိုပြည်နယ်မှ အုပ်ချုပ်ရေးမှူး ဟိုဆေးရိုဆက်က Twitter တွင် ရေးသားခဲ့သည်။ လေယာဉ်မှူးတစ်ဦးသည် ကျောရိုးခွဲစိတ်ကုသမှု ပြုလုပ်ရမည်ဖြစ်ကာ မိန်းကလေးငယ်တစ်ဦးသည် ၎င်းကိုယ်ခန္ဓာ၏ ၂၅ ရာခိုင်နှုန်း မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

လေယာဉ်ပျက်ကျမှုဖြစ်ပွားအပြီး ဒဏ်ရာအသေးစားများ ရရှိသူအများစုပါဝင်သည့် စုစုပေါင်း လူ ၉၇ ဦးကို ဆေးရုံသို့ပို့ခဲ့ကြောင်း ဒူရန်ဂိုအရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အလီဂျန်ဒရိုကာဒိုဇာက ပြောကြားခဲ့သည်။ ပြင်းထန်သော မိုးသီးမုန်တိုင်းကျရောက်စဉ်အတွင်း လေယာဉ်မီးလောင်မှု ဖြစ်ခဲ့ပြီးနောက် လေယာဉ်မှူးများသည် လေယာဉ်အား အရေးပေါ် ဆင်းသက်ရန် ကြိုးစားခဲ့ကြောင်း ကာဒိုဇာက ပြောကြားခဲ့သည်။

ဘရာဇီး လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Embraer က ထိုမတော်တဆဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဒရုန်းဖြင့် ရိုက်ကူးထားပြီး အေအက်ဖ်ပီက ရရှိခဲ့သည့်ဓာတ်ပုံတစ်ပုံတွင် ထိုလေယာဉ်အား လေယာဉ်ပြေးလမ်း၏အဆုံး၌ ကွင်းပြင်တစ်ခုတွင် တွေ့ခဲ့ရသည်။ မြင်ကွင်းများ ဆိုးရွားလာချိန်တွင် လေယာဉ်သည် လေယာဉ်ပြေးလမ်းပေါ်၌ရှိနေကြောင်း အသက် ၁၆ နှစ်ရှိ သမီးဖြစ်သူနှင့်အတူ ခရီးသွားနေသည့် အသက် ၄၇ နှစ်ရှိ Jacqueline Flores က ပြောကြားခဲ့သည်။ လေယာဉ်သည် လေထဲသို့ ပျံတက်သွားချိန်တွင် လေယာဉ်သည် ဖြောင့်ဖြောင့်တန်းတန်း သွားမည်ဟု ထင်မှတ်ခဲ့ကြောင်း၊ သို့သော် ယင်းနောက် လေယာဉ်သည် မြေပြင်သို့ ထိုးဆင်းသွားခဲ့ကြောင်း ၎င်းက ပြန်ပြောင်းပြောကြားခဲ့သည်။

ထိုမတော်တဆဖြစ်စဉ်ကြောင့် ခရီးသည်များအခန်း၌ ဖြစ်ပေါ်ခဲ့သောအပေါက်များမှတစ်ဆင့် ထွက်နိုင်ရန် ခရီးသည်များ အချင်းချင်း အလျင်အမြန် ကူညီပေးခဲ့ကြကြောင်း ရိုဆက်က ပြောကြားခဲ့သည်။

၁၉၈၁ ခုနှစ် ဇူလိုင်တွင်လည်း Aeromexico လေယာဉ်တစ်စင်းသည် နိုင်ငံမြောက်ပိုင်း ချီဟွာဟွာ၌ ရာသီဥတု ဆိုးရွားနေစဉ် ဆင်းသက်စဉ် ပျက်ကျခဲ့ပြီး လူ ၃၂ ဦး သေဆုံးခဲ့ရသည်။

Ref: AFP