ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက် ဒူဘိုင်းတွင် ရောက်ရှိနေပြီး ဗြိတိန်တွင် ခိုလှုံခွင့် ရယူဖွယ်ရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက် ဒူဘိုင်းတွင် ရောက်ရှိနေပြီး ဗြိတိန်တွင် ခိုလှုံခွင့် ရယူဖွယ်ရှိ
Published 27 August 2017

သြဂုတ် ၂၅ ရက်က ဘန်ကောက်ရှိ တရားရုံးချုပ် အပြင်ဘက်တွင် ယင်လက်၏ဓာတ်ပုံကိုင်လျက် စောင့်ဆိုင်းနေသော ထောက်ခံသူများ (Photo: AP)

တိမ်းရှောင်နေသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်သည် ဒူဘိုင်းတွင် ရှိနေပြီး ဗြိတိန်တွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းဖွယ်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ် တစ်ခုက သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်လက်၊ အသက် ၅၀ နှစ်သည် တာဝန်ကို မျက်ကွယ်ပြုမှုအတွက် စီရင်ချက်ချမည့်နေ့ သြဂုတ် ၂၅ ရက်တွင် တရားရုံးသို့ ရောက်ရှိမလာခဲ့ဘဲ တိမ်းရှောင်သွားခဲ့ပြီးနောက် ယင်လက်၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ခန့်မှန်းမှုများ မြင့်တက်နေခဲ့သည်။

ထိုင်းစစ်အစိုးရ၏ လုံခြုံရေးဆိုင်ရာ ရာထူးအဆင့်မြင့်မားသူ တစ်ဦးဖြစ်သော သတင်းရင်းမြစ်က ယင်လက်၏ လွတ်မြောက်နိုင်ခြေနှင့် ပတ်သက်၍ အသေးစိတ်ကို ခန့်မှန်းခဲ့သည်။ ယင်လက်သည် ထိုင်းမှ စင်ကာပူသို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် သွားခဲ့ပြီး ထို့နောက် ရှင်နာဝပ်မိသားစု၏ ဦးဆောင်သူဖြစ်သော ယင်လက်၏ အစ်ကိုကြီး သက်ဆင်ရှိသည့် ဒူဘိုင်းသို့ သွားရောက်ခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

“သက်ဆင်က သူ့ညီမအတွက် လွတ်လမ်းကြောင်း အစီအစဉ်ကို ပြင်ဆင်ထားတာ ကြာပါပြီ။ သူ့ညီမကို ထောင်ထဲမှာ တစ်ရက်တောင် ထားခွင့်သူက ပေးမှာ မဟုတ်ပါဘူး” ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ အကယ်၍ ယင်လက်သည် တရားရုံးချုပ်၌ ပြစ်ဒဏ်ချမှတ်မှုကို တက်ရောက်ခဲ့ပါက ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ခံရနိုင်သည်။

ဒူဘိုင်းသည် ယင်လက်၏ နောက်ဆုံး ဦးတည်ရာ မဟုတ်ကြောင်း ယင်လက်သည် ဗြိတိန်တွင် ခိုလှုံခွင့်ကို သွားရောက်ကြိုးပမ်းနိုင်ကြောင်း စစ်အစိုးရ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ယခင်က မန်ချက်စတာ စီးတီးဘောလုံးအသင်းကို ပိုင်ဆိုင်ခဲ့ဖူးသော သက်ဆင်သည် လန်ဒန်တွင် အိမ်ခြံမြေ ပိုင်ဆိုင်ထားသည်။

ရှင်နာဝပ်မိသားစု၏ နိုင်ငံရေးကွန်ရက်က သြဂုတ် ၂၆ ရက်ထိ အသံတိတ်နေဆဲဖြစ်ပြီး ယင်လက်အား ထွက်ခွာခွင့် ရရှိရန်အတွက် စစ်အစိုးရနှင့် သဘောတူညီချက် ရယူခဲ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ မြင့်တက်နေခဲ့သည်။ ရှင်နာဝပ်မိသားစု၏ ဖြူထိုင်းပါတီအတွင်း သတင်းရင်းမြစ်တစ်ခုက ယင်လက်သည် တရားရုံးက စီရင်ချက်မချမီ ရက်အနည်းငယ်ကပင် ဒူဘိုင်းသို့ ထွက်သွားခဲ့သည်ဟု အေအက်ဖ်ပီကို သြဂုတ် ၂၆ ရက်က ပြောကြားခဲ့သည်။

ယင်လက်သည် ကမ္ဘောဒီးယားသို့ နယ်စပ်မှတစ်ဆင့် ထွက်သွားခဲ့ပြီး စင်ကာပူသို့ လေယာဉ်ဖြင့် သွားခဲ့ကြောင်း ထို့နောက် ဒူဘိုင်းသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း ထိုင်းသတင်းစာများက ဖော်ပြခဲ့သည်။

ဆင်းရဲသားများအကြား လူကြိုက်များသည့် လူမှုဖူလုံရေး အစီအစဉ်များဖြင့် ၂၀၀၁ ခုနှစ်တွင် ပေါ်ထွက်ခဲ့သော ရှင်နာဝပ်နိုင်ငံရေး မျိုးဆက်သည် ၁၆ နှစ်ကြာ နိုင်ငံရေး စွန့်စားခန်းရှည်ကြီးကို နိဂုံးချုပ်ရဖွယ်ရှိသည်။ ယင်လက်သည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပြီး ကျေးလက်နိုင်ငံရေး အခြေခံကို အားကောင်းစေသော ဆန်စပါးအရှုံးခံ ဝယ်ယူမှု အစီအစဉ်အတွက် ရုံးတင်စစ်ဆေးခံခဲ့ရသည်။ ယင်လက်၏ အစ်ကိုကြီး သက်ဆင်သည်လည်း ၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းမှုဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး ခြစားမှုဖြင့် တရားစီရင်ခြင်းကို ရှောင်ရှားရန်အတွက် ၂၀၀၈ ခုနှစ်မှစပြီး ထိုင်းမှ ထွက်ပြေးခဲ့ရသည်။

Ref: AFP