ပါကစ္စတန်တွင် ရွေးကောက်ပွဲ မဲဆွယ်မှု၌ အကြမ်းဖက်ဗုံးခွဲမှုများကြောင့် လူ ၁၃၂ ဦးသေဆုံး၊ နေရပ်ပြန် ဝန်ကြီးချုပ်ဟောင်း ရှရစ် ဖမ်းဆီးခံရ

ပါကစ္စတန်တွင် ရွေးကောက်ပွဲ မဲဆွယ်မှု၌ အကြမ်းဖက်ဗုံးခွဲမှုများကြောင့် လူ ၁၃၂ ဦးသေဆုံး၊ နေရပ်ပြန် ဝန်ကြီးချုပ်ဟောင်း ရှရစ် ဖမ်းဆီးခံရ
Published 15 July 2018

ဇူလိုင် ၁၄ ရက်တွင် PML-N ပါတီက ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ရှရစ်(ဝဲ) နှင့် ၎င်း၏သမီးဖြစ်သူ မာယမ်တို့ကို တွေ့ရစဉ် (Photo: AFP)

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နဝပ်ရှရစ်သည် လန်ဒန်မှနေရပ်သို့ ပြန်ရောက်လာသော ဇူလိုင် ၁၃ ရက်မှာပင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထိုနေ့မှာပင် အနှောင့်အယှက်များလှသော ပါကစ္စတန်ရွေးကောက် ပွဲမဲဆွယ်စည်းရုံးမှုများအတွင်း ဗုံးခွဲ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ လူ ၁၃၀ ကျော် သေဆုံးခဲ့ရသည်။

နိုင်ငံအနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ်တွင် ဇူလိုင် ၁၃ ရက်က

အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ  ပြည်နယ်လွှတ်တော်အမတ်ကိုယ်စားလှယ်လောင်း အပါအဝင် လူ ၁၂၈ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ နိုင်ငံအနောက် မြောက်ပိုင်း၌လည်း အလားတူ တိုက်ခိုက်

မှုဖြစ်ပွားခဲ့ရာ သေဆုံးသူလေးဦးရှိခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံးတွင် ကြောက်ရွံ့ ထိတ်လန့်နေကြကြောင်း သိရသည်။ အကျင့်ပျက်ခြစားမှုများဖြင့် ထောင် ဒဏ် ၁၀ နှစ်ကျခံရမည့်အရေးကို ရင်ဆိုင်ရန် ရှရစ်သည် သမီးဖြစ်သူ မာယမ်နှင့်အတူ လန်ဒန်မှပါကစ္စတန်သို့ ပြန်ရောက်မလာမီ နာရီအနည်းငယ်အလိုတွင် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှရစ်၏သမီး မာယမ်မှာမူ ထောင်ဒဏ်ခုနစ်နှစ် ရင်ဆိုင်ရမည်ဖြစ်သည်။

လန်ဒန်မှနိုင်ငံအရှေ့ပိုင်းရှိ လာဟိုးမြို့သို့ လေယာဉ်ဖြင့်ရောက်ရှိလာသည့် ရှရစ် နှင့် မာယမ်တို့ကို ခြစားမှုတိုက်ဖက်ရေး အရာရှိများက ဖမ်းဆီးပြီး မြို့တော်အစ္စလာမ္မာဘတ်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ပါကစ္စတန်၏ လူနေအထူထပ်ဆုံး ပြည်နယ် ပန်ဂျပ်၏မြို့တော်ဖြစ်သော လာဟိုးသည် ရှရစ်၏ PML-N ပါတီ၏ခြေကုပ်နယ်မြေ ဖြစ်သည်။  ရှရစ်သည်အယူခံဝင်ပြီး အာမခံရရန် ကြိုးပမ်းလိမ့်မည်ဟု မျှော်လင့်ရသော်လည်း အယူခံဝင်မည့် အချိန်ကို မသိရသေးပေ။ ရှရစ်နှင့် မာယမ်တို့ကဲ့သို့ပင် တရားမဝင် ရထားသောငွေကြေးများဖြင့်လန်ဒန်၌ တန်ဖိုးကြီးလူနေတိုက်ခန်းများအားဝယ်ယူသည့် အမှုဖြင့်ပင် ရှရစ်၏မွေးစားသားမှာလည်း လက်ရှိတွင် ထောင်ဒဏ်တစ်နှစ် ကျခံနေရသည်။

နိုင်ငံတောင်ပိုင်းမတ်စ်တန်မြို့တွင် ပြုလုပ်ခဲ့သော လူအမြောက်အမြားတက်ရောက်ကြသည့် ကိုယ်စားလှယ်လောင်း ဆီရာ့ဂျ်ရိုင်ဆနီ၏ လူထုစုဝေးပွဲတွင် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အတွင်း ထိုနိုင်ငံရေးသမားနှင့်တကွ လူပေါင်း ၁၂၇ ဦးသေဆုံးခဲ့သည်။ IS အုပ်စုက ၎င်းတို့လက်ချက် ဖြစ်သည်ဟု ဂျီဟတ် သတင်းအေဂျင်စီ Aamaq မှတစ်ဆင့် ကြေညာခဲ့သော်လည်း ဘာလူချီစတန်ဝါမီပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည့် ရိုင်ဆနီအား အဘယ့်ကြောင့် ဗုံးခွဲတိုက်ခိုက်ရသည့် အကြောင်းကို မထုတ်ပြန်ခဲ့ပေ။

ထိုဗုံးခွဲမှုမဖြစ်ပွားမီ ဇူလိုင် ၁၃ ရက် အစောပိုင်းက နိုင်ငံအနောက်မြောက်ပိုင်းတွင် အစ္စလာမ္မစ်ပါတီတစ်ခုမှ အကြီးတန်း နိုင်ငံရေးသမားတစ်ဦး၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအနီးတွင်လည်း ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သေးရာ လူလေးဦး သေဆုံးခဲ့သည်။ ထိုဖောက်ခွဲတိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားခံရသော ကိုယ်စားလှယ်လောင်း အာခရမ်ခန်ဒါရာနီမှာမူ လွတ်မြောက်သွားခဲ့ပြီး ဒဏ်ရာရသူ  ၂၀ ခန့်ရှိခဲ့သည်။

ဇူလိုင် ၁၃ ရက် တိုက်ခိုက်မှုများသည် ၂၀၁၄ ခုနှစ်က ပက်ရှ်ဝါရှိ စာသင်ကျောင်းတစ်ကျောင်းကို တာလီဘန်တို့၏ ဝင်စီးတိုက်ခိုက်မှုကြောင့် လူ ၁၅၀ သေဆုံးခဲ့ရပြီး နောက်ပိုင်း ပါကစ္စတန်တွင် လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုဖြစ်လာခဲ့သည်။

ယခုတိုက်ခိုက်မှုများမတိုင်မီ ရက်အနည်းငယ်အလိုက နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါတွင် ပါကစ္စတန်တာလီဘန်တို့က စေလွှတ်လိုက်သည့် အသေခံဗုံးခွဲသမားတစ်ဦးသည် လောကီဝါဒီနိုင်ငံရေးသမား ဟာရွန် အာမတ်ဘီလော၏ လူထုစုဝေးမှုအတွင်း ဖောက်ခွဲခဲ့ရာ ဘီလော အပါအဝင် လူ ၂၀ သေဆုံးခဲ့ရသည်။